
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်ထဲမှာ ထိုင်းနိုင်ငံမြောက်ပိုင်းကနေ မောင်းဝင်လာတဲ့ ကုန်တင်ကားကြီးတစီးထဲကနေ စိတ်ကြွဆေးပြား ၁၀ သန်းခန့် ဖမ်းဆီးရမိတယ်လို့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့က ဧပြီ ၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
နယ်မြေထဲမှာ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထား တဲ့အတွက် အယုဒ္ဓယခရိုင် အမှတ် ၁၉၁ ရဲတပ်ဖွဲ့ဝင်တွေဟာ ယာဉ်အသွားအလာတွေ စောင့်ကြပ် စစ်ဆေးခဲ့တယ်၊ ဧပြီ ၆ ရက် ည ၇ နာရီကျော်မှာတော့ ဘန်ပအင်မြို့နယ် ချိန်းရတ်နွဲ့ရပ်ကွက်ရှိ ဘန်ပဟန်-ပထုန်ဌာနီလမ်းမပေါ် မောင်းဝင်လာတဲ့ ၆ ဘီးတပ် အဖြူရောင် ဟီးနိုးကားကြီးတစီး ကိုပါ တားဆီးစစ်ဆေးခဲ့ကြတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့မှ ဒုရဲချုပ် ဆာမ်ရမ်း နွန်းမားက ပြော ပါတယ်။
ကုန်တင်ကားရဲ့ နောက်ခန်းကို စစ်ဆေးရာမှာ အပေါ်မှာ ဂျင်းတွေတင်လာပေမဲ့ အောက်က အိတ်တွေထဲမှာတော့ စိတ်ကြွဆေးတွေတင်ဆောင်လာတာ တွေ့ရတယ်၊ စုစုပေါင်း ၁၀ သန်း ( သိန်းပေါင်း ၁၀၀ ) ခန့်ရှိမယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းမှာ အသက် ၄၁ နှစ်ရွယ်ရှိ နိုင်းနုပ်ဖဒွန်း ရှဲ့ချုန့်ဖြစ်ပြီး နန့်ခရိုင် ဇာတိဖြစ်တယ် ။ သူဟာ အဆိုပါမူးယစ်ဆေးတွေကို မြောက်ပိုင်းဒေသ နန်းခရိုင်ကနေသယ်ဆောင်လာပြီး ဘန်ကောက်ကို ပို့ပေးဖို့ဖြစ်တယ်၊ သယ်ပို့ပေးခအနေနဲ့ ဘတ် ၈ သိန်းရတယ်၊ ဒီအလုပ်ကို လုပ်လာတာ ၅ လရှိပြီဖြစ်ပြီး စိတ်ကြွဆေး ၄ ကြိမ် သယ်ဆောင်ခဲ့တယ်လို့ ဝန်ခံသွားပါတယ်။
အယုဒ္ဓယခရိုင်ရဲတပ်ဖွဲ့က သူ့ကို တယ်လီဖုန်း တလုံး ငွေသား ဘတ် ၁၁၅၀၀ နဲ့အတူ ဖမ်းဆီးထားပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: Thairath / Top News