Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်းတွင် ပိုင်ရှင်မဲ့စိတ်ကြွဆေး ၆ သန်း သိမ်းဆည်းရမိ 
DVB
·
December 23, 2024
Photo : Maesai Press

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ထိန်းမြို့နယ်ထဲမှာ ပိုင်ရှင်မဲ့စိတ်ကြွဆေးပြား ၆ သန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းမြောက်ပိုင်းဒေသ မူးယစ်ဆေးဝါးနဲ့ အန္တရာယ်ရှိ ဓာတုဆေးများ နှိမ်နင်း တိုက်ဖျက်ရေးဌာနက ဒီဇင်ဘာ ၂၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

နယ်မြေထဲမှာ မူးယစ်ဆေးဝါး အချီကြီး ဝင်ရောက်လာမယ့်အကြောင်း ကြိုတင်ထောက်လှမ်း သိရှိချက်အရ မူးယစ်ရဲတပ်ဖွဲ့၊ နယ်မြေခံရဲ၊ စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၂၁ ရက်ညက ထိန်းမြို့နယ်ထဲမှာ စစ်ဆေးရေးဂိတ်တွေချပြီး စောင့်ကြပ်စစ်ဆေးခဲ့တယ်။ ည ၈ နာရီခွဲလောက်မှာ နောက်ခန်းမှာ ခေါင်မိုးလုပ်ထားတဲ့ ဟိုင်းလပ်စ်ကားတစီးဟာ စစ်ဆေးရေးဂိတ်ကို ကွေ့ရှောင်ပြီး တခြားလမ်းကနေ မောင်းထွက်သွားတယ်၊ တာဝန်ရှိသူတွေက အဆိုပါကားကို မသင်္ကာလို့ အနောက်က လိုက်သွားခဲ့တယ်လို့  မူးယစ်ဆေးဝါးနဲ့ အန္တရာယ်ရှိ ဓာတုဆေးများ နှိမ်နင်းတိုက်ဖျက်ရေးဌာနမှူး ဒုရဲမှူးကြီး ဆုမ်ကျင်းကော်ရီက ပြောပါတယ်။

ဒါပေမဲ့ အဲဒီကားဟာ ဖတ်ဒီအုပ်စု ဘန့်ရတ်စဒွန်းရွာထဲကို ဝင်သွားတဲ့နောက် မျက်ခြည်ပြတ်သွားပါတယ်၊ တာဝန်ရှိသူတွေဟာ လူစုခွဲပြီး အနီးနားတဝိုက် လိုက်လံရှာဖွေရာမှာ ငေါဝ်အုပ်စု ငေါဝ်ကျေးရွာလမ်းဘေးနား ပြန့်ကျဲနေတဲ့ ဆာလာအိတ် ၂၀ လုံးကို တွေ့ရှိခဲ့ပါတယ်၊ အဆိုပါနေရာနဲ့ အတန်ငယ်လှမ်းတဲ့နေရာမှာတော့ သူတို့လိုက်နေတဲ့ ဟိုင်းလပ်စ်ကား ရပ်ထားတာကို တွေ့ရပါတယ်၊ ဒါပေမဲ့ ယာဉ်မောင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ အိတ်တွေကို စစ်ဆေးရာမှာ အထဲမှာ ကိုးသုံးလုံးအမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၆ သန်းကို တွေ့ရှိတာလို့ ဒုရဲမှူးကြီး ဆုမ်ကျင်းကော်ရီက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လောလောဆယ် ကားပိုင်ရှင်နဲ့ ထွက်ပြေးသွားတဲ့ယာဉ်မောင်းကို ဆက်လက်စုံစမ်းရှာဖွေနေတယ်၊ ဒီနှစ်ဟောင်းကုန် နှစ်သစ်ကူးကာလမှာ အလည်အပတ် ခရီးသွားဧည့်သည်များတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာတာတွေ ရှိနိုင်လို့  လုံခြုံရေး ပိုပြီးတင်းကျပ်ဖို့ ရဲမှူးကြီးက ပြောသွားပါတယ်။

ထိုင်းမြောက်ပိုင်းမှာ ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းကလည်း စိတ်ကြွဆေးပြား ၃၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

အဲဒီနေ့မနက် ၅ နာရီခွဲလောက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပူးပေါင်းအဖွဲ့ဟာ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်ကျေးရွာထဲမှာ ကင်းလှည့်နေစဉ် နောင်တောဝ်ကျေးရွာ လိမ္မော်ခင်းတွေထဲမှာ မသင်္ကာစရာလူချို့ ဝင်ရောက်လာတာ တွေ့ရတယ်၊ ရပ်မိန့်ပေးရာမှာ တဖက်က ရပ်မပေးဘဲ သေနတ်နဲ့စပစ်တာကြောင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတယ်၊ သေနတ်သံတွေငြိမ်သွားပြီး နယ်မြေရှင်းလင်းရာမှာတော့ ကျောပိုးအိတ် ၃ လုံး တွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေး ၃ သိန်း သိမ်းဆည်းရမိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကလည်း ချင်းရိုင်းခရိုင်၊ မယ်ဖှာ့လုံမြို့နယ်၊ မဲ့ဆလောင်းနောက် ကျေးရွာလမ်းမှာ စိတ်ကြွဆေးပြား ၅ သိန်းကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ နယ်စပ်တလျှောက် လုံခြုံရေး လှည့်လည်စစ်ဆေးစဉ် မောင်တော်ဆိုင်ကယ် ၃ စီး မောင်းဝင်လာတယ်၊ စစ်ဆေးဖို့ ရပ်မိန့်ပေးရာမှာ ရပ်မပေးဘဲ မောင်းပြေးသွားပြီး အသက် ၃၀ ကျော်ရွယ် အမျိုးသမီးသာလျှင် မပြေးနိုင်လို့ အဖမ်းခံရတယ်၊ ဆိုင်ကယ်ပေါ်ကနေ အိတ်  ၂ လုံး လမ်းပေါ်ပြုတ်ကျပြီး ပထမအိတ်ထဲမှာ စိတ်ကြွဆေး ၂၄၀,၀၀၀၊ ဒုတိယအိတ်ကနေ ၂၇၆,၀၀၀ လုံး စုစုပေါင်း စိတ်ကြွဆေး ၅၁၆,၀၀၀ သိမ်းဆည်းရမိတယ်၊ အဆိုပါအမျိုးသမီးမှာ မယ်ဖှာ့လုံမြို့နယ် ထိုတ်ထိုင်းရွာမှ တိုင်းရင်းသူတယောက်ဖြစ်တယ်လို့  မယ်ဆိုင်ပရက်စ် သတင်းမှာ ဖော်ပြသွားပါတယ်။ 

ကိုးကား - Chiangmai News / Maesai Press

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013