Home
နိုင်ငံတကာ
မဲဆောက်တွင် စိတ်ကြွဆေးသန်းပေါင်းရာနှင့်ချီထုတ်နိုင်သည့် ဓာတုကုန်ကြမ်းပစ္စည်းများ တွေ့ရှိ 
DVB
·
December 12, 2024

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ စိတ်ကြွဆေးပြားသန်းပေါင်း ရာနဲ့ချီ ထုတ်လုပ်နိုင်တဲ့ ဓာတုကုန်ကြမ်းပစ္စည်းအမြောက်အမြား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ AEC  အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အမှတ် ၆ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ ဌာနမှူးကြီး နိုင်းဆလာဝုဒ် ဖဒ်ဒီ၊ တာ့ခ်ခရိုင် စက်ရုံအလုပ်ရုံကွပ်ကဲရေးဌာနညွှန်မှူး ကယောက်ဆဝမ်နဲ့ DSI အထူးမှုခင်းစုံစမ်းစစ် ဆေးရေးရဲတပ်ဖွဲ့၊  ရာ့ချ်မနူးစစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ အကောက်ခွန်ဌာန၊ နယ် မြေခံရဲ၊ အမှတ် ၃၄၆ နယ်ခြားစောင့်တပ်စတဲ့ အဖွဲ့ပေါင်းစုံပါသော တာဝန်ရှိသူတွေဟာ  ဒီဇင်ဘာ ၁၁ ရက်က မဲဆောက်မြို့ မဲ့ကာဆာအုပ်စု ဘန့်မဲ့ကာဆာရပ်ကွက်တွင်းရှိ ဂိုဒေါင်တခုကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

အဆိုပါဂိုဒေါင်ထဲကနေ အဆင့် ၁ အန္တရာယ်ရှိ ဆိုဒီယမ်ဟိုက်ဒရော့ဆီဂလိုင်စရင်း ဓာတုဆေးရည် အလေးချိန် ၇၂,၂၅၀ ကီလိုဂရမ်၊  မီသိုင်းလမင်း ၁၆၉,၅၆၀ ကီလိုဂရမ်၊ တော်လူအင်း ဆေး ၁၈၈, ၁၉၀ ကီလိုဂရမ်၊ အမည်မသိဓာတုဆေး ၂၇,၂၀၀ ကီလိုဂရမ်၊  ဂတ်စ်ဆိုလင်း အလေးချိန် ၆၈,၀၀၀ ကီလိုဂရမ်၊ ဟိုက်ဒရိုဘရိုမစ်အက်ဆစ် ၉၇,၂၀၀ ကီလိုဂရမ်၊ အက်စီတုန်း ၁၉၂,၄၈၀ ကီလိုဂရမ်၊ ပရိုပီရိုဖီနုန်း ၁၆,၀၀၀ ကီလိုဂရမ်၊  လှောင်ကန် ၂ ခုထဲ ထည့်ထားတဲ့ အီသိုင်းအစီတိတ်နဲ့  လှောင်ကန်အလွတ်၂ ခု စတာတွေအပြင် ၆ ဘီးကားကြီး ၂ စီး ရပ်ထားတာကို တွေ့ရှိတယ်လို့ ဆို ပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်ကလည်း တာဝန်ရှိသူတွေက အဆိုပါ ဂိုဒေါင်ကို သွားရောက်စစ်ဆေးခဲ့ပြီး ဂိုဒေါင်ထဲရှိ ဓာတုပစ္စည်းအမျိုးအစား ၁၀ မျိုးအား နမူနာယူ ဓာတ်ခွဲစစ်ဆေးရာမှာ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေဖြစ်ကြောင်း အဖြေထွက်တဲ့အတွက် အခုလို ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ထပ်မံလာရောက်စစ်ဆေးရတာလို့ ဆိုပါတယ်။ 

အဲဒီလထဲမှာဘဲ စွန့်ပစ်ဓာတုဆေးရည် ၂၀ ဂါလန်လောက်ကို ကားကြီးနဲ့တင်ပြီး မဲဆောက်နဲ့ တာ့ခ်မြို့နယ်ကြား လမ်းဘေးတနေရာမှာ လာရောက်သွန်ချသွားတဲ့ တရားခံတယောက်ကိုလည်း ဖမ်းဆီးအရေးယူထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါဂိုဒေါင်ထဲက ဓာတုပစ္စည်းတွေဟာ တရုတ်ပြည်က တင်သွင်းပြီး မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်ပြီး စိတ်ကြွဆေးပြား သန်းပေါင်းရာနဲ့ချီထုတ်လုပ်နိုင်တဲ့ ပမာဏဖြစ်တာကြောင့် တင်သွင်းသူ၊ သိုလှောင်သူ၊ ဖြန့်ဖြူးရောင်းချသူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်ပြီး  ဥပဒေအရ အရေးယူသွားမယ်လို့  မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ ဌာနမှူးကြီး နိုင်းဆလာဝုဒ်ဖဒ်ဒီက ပြောသွားပါတယ်။  

Source: AEC Thai News / ThaiPBS 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013