ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးရောင်းချနေသူတွေကို အရေးယူမယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။
မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားတာဝန်ခံက “ကျနော်တို့မြို့နယ်ထဲမှrifာ လောဘသားတွေက မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းချလာနေလို့ အခုလို ထုတ်ပြန်ရတာပါ” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးရောင်းချသူတွေဟာ စာသင်ကျောင်းရဲ့ရှေ့မှာပါ ပေါ်ပေါ်တင်တင် ရောင်းချလာနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမည်မဖော်လိုတဲ့ မြို့ခံတယောက်က “တော်တော်ဆိုးဆိုးရွားရွားပဲ။ မြို့ပေါ်က စာသင်ကျောင်းတကျောင်းနားမှာကို WY ကို ၅၀၀ ဖိုးလောက်အထိ စျေးချိုချိုနဲ့ ကျောင်းသားလူငယ်တွေကို ရောင်းနေတာ။ ဆေးခြောက်နဲ့ ဘိန်းတွေလည်း ရတယ်တဲ့။ စာတွေမှတ်မိတယ်၊ ဉာဏ်ကောင်းတယ်ဆိုပြီး ရောင်းနေတာ။ အဲဒီကိစ္စ ကျောင်းသားမိဘတဦးက ရဲကိုတိုင်တော့ ရဲက တိုင်တဲ့လူကို ပြဿနာပြန်ရှာပြီး ဖမ်းထားလို့ သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။
မင်းလှမြို့က စာသင်ကျောင်းရှေ့မှာ မူးယစ်ဆေးရောင်းချနေလို့ အဆိုပါ ကျောင်းဆရာမတွေက ရဲစခန်းကို အကြောင်းကြားပေမဲ့လည်း ရဲတပ်ဖွဲ့က အဆိုပါကျောင်းဆရာမတွေကို ပြန်လည်ခြိမ်းခြောက်တာတွေ ပြုလုပ်ပြီး မူးယစ်ဆေးရောင်းချသူတွေဘက်ကနေ ကာကွယ်ပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မင်းလှမြို့နယ်အတွင်း ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပျက်စီးအောင် လုပ်ဆောင်နေကြတဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေကို ဆက်လက်ရောင်းချတာတွေ မပြုလုပ်ကြဖို့နဲ့ မလိုက်နာရင် စစ်သား၊ ရဲတွေနဲ့ တန်းတူထားပြီး ထိထိရောက်ရောက် အပြစ်ပေး အရေးယူသွားမှာဖြစ်တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။
“မူးယစ်ဆေးရောင်းတဲ့သူတွေက ရဲကို လိုင်းကြေးပေးထားတယ်လို့ သိရတယ်။ မူးယစ်ဆေး ရောင်းတဲ့သူတွေက အရင်ကတည်းက ရှိတာပါ၊ ဒါပေမဲ့ အခုနှစ်ထဲမှာ ပိုဆိုးလာတယ်။ အခုကတော့ သတိပေးချက် ထုတ်ပြန်ပြီးပါပြီ။ မူးယစ်ဆေးရောင်းတဲ့သူတွေကို စောင့်ကြည့်ပြီး အလျဥ်းသင့်သလို အရေးယူတာတွေကို ဆက်လုပ်သွားမှာပါ” လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး DVB က မင်းလှမြို့နယ်ရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။