ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖုန်းဆက်သတိပေးခဲ့ပေမဲ့ မလိုက်နာတဲ့အတွက် အောက်တိုဘာ ၁၉ ရက် မနက်က ပစ်ခတ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၂ တော်လှန်ရေးရဲဘော်တွေထံက စုံစမ်းသိရပါတယ်။
ဖြူးကွင်ကျေးရွာမှာ နေထိုင်တဲ့ ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး (ခ) ခင်ထွန်းထွန်းလွင် မင်းလှဘက်ကို ဆိုင်ကယ်စီးလာစဉ် ချောင်းနာရွာ တောင်ဘက်ထိပ်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ-၂၊ တပ်ခွဲ ၃ မှ ရဲဘော်တွေက ဦးခေါင်းကိုပစ်ခတ်ခဲ့တာလို့ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောပါတယ်။
“ဆိုင်ကယ်တစီးရယ်၊ ဖုန်းတလုံး၊ ပိုက်ဆံ ၄ သိန်း၊ လွယ်အိတ်တလုံးတော့ သိမ်းလာခဲ့တယ်။ သူ့ကို ကျနော်တို့ ဖုန်းဆက်သတိပေးတယ်၊ ပြည်သူတွေကို အနိုင်မကျင့်ဖို့၊ အဲဒါကို ဂရုမစိုက်ဘဲ ပိုလုပ်လာလို့ အရေးယူလိုက်ရတာ။”
အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းငှားရမ်းဖို့ ပြည်သူတွေထံက တအိမ်ထောင် ငွေကျပ် ၆၀,၀၀၀ အထိ တောင်းယူပြီး မပေးနိုင်သူတွေကို စစ်တပ်ခေါ်ဖမ်းခိုင်းမယ်၊ နေအိမ် မီးရှို့ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့သူဖြစ်တယ်လို့ ရဲဘော်ဒူးယားက ပြောပါတယ်။
“လူငယ်တွေကိုလည်း စစ်သင်တန်းတက်ခိုင်းနေတယ်၊ ပစ်ပြီး ပြန်ဆုတ်လာတော့ နောက်ဆက်တွဲ အခြေအနေ သေချာမသိရဘူး၊ အလောင်းလာသယ်သွားလားလည်း မသိရသေးဘူး။”
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ အခု နိုဝင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို အတင်းအဓမ္မ နေအိမ်တွေအထိပါ လိုက်လံ ပေါ်တာဆွဲနေကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အုတ်ဖို၊ ပေါက်ခေါင်း၊ မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူး ၃ ယောက်အထိ ပစ်ခတ်သတ်ခဲ့တယ်လို့ သိရပါတယ်။