ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ပျူစောထီးခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်းကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက ပစ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဇော် (ခ) ဇော်ထွန်းမှာ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ဖို့ အသံချဲ့စက်နဲ့ အော်နေတုန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မနေ့က နေ့လယ် ၂ နာရီခွဲလောက်က အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းနားက လမ်းမပေါ်မှာ အသံချဲ့စက်ကြီးနဲ့အော်နေတုန်း ရှင်းလင်းနိုင်ခဲ့တာပါ။ ကျည်တချက်တည်းနဲ့ ခေါင်းကို အပြီးပစ်ခဲ့တာပါ။”
ဒါ့အပြင် သေဆုံးသူထံက လက်ပစ်ဗုံးတလုံး၊ ဖုန်းတလုံးနဲ့ ငွေသား ကျပ်ငွေ ၅,၇၀၀ ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်းဟာ စစ်ကောင်စီထောက်တိုင် အမာခံတယောက်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF ရဲဘော်တွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့တာ၊ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အတင်းအကျပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေး ကောက်ခံပေးတာအပြင် သန်းခေါင်စာရင်းကောက်ယူရာမှာလည်း ဦးဆောင်ပါဝင် လုပ်ဆောင်နေတာကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ တောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဟာ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို သေနတ်ကျည် တချက်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။