Home
မြန်မာသတင်း
မော်လမြိုင်ကျွန်း ဖိုးသာအေးကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေး တအိမ် ၂၀၀၀၀ ကျပ် ကောက်ခံနေ 
DVB
·
November 13, 2024
Photo - MMK

အိမ်ခြေ ၃၀၀ ကျော်အထိရှိတဲ့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ဖိုးသာအေးကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တအိမ် ၂၀,၀၀၀ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မော်လမြိုင်ကျွန်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး သီဟဇော်ရဲ့တပည့် ဖိုးသာအေးကျေးရွာအုပ်ချုပ်ရေးမှူးမြင့်အေးက စစ်မှုထမ်းထောက်ပံ့ကြေး တအိမ် ၂၀,၀၀၀ ကို နိုဝင်ဘာ ၁၁ ရက် မနက်က စတင်ကောက်ယူနေတာလို့ ဒေသခံတယောက် က ပြောပါတယ်။ 

“အုပ်ချုပ်ရေးမှူးတွေက မောက်မောက်မာမာကိုပြောပြီး ပိုက်ဆံတောင်းတာ။ မပေးရင် ကိုယ့်သားသမီးတွေ စစ်မှုထမ်းစာရင်းထဲ ပါသွားနိုင်တယ်ပေါ့။ ဒီငွေလေးလောက်ပေးရတာနဲ့ ခင်ဗျားတို့ ဘာဖြစ်သွားမှာလဲ။ ဒီဘက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အမျိုးမျိုးကို ဖိအားပေး နှိပ်စက်တာကို ခံနေရတာ။ နီးရာဓားကြောက်နေရတော့ ပေးရတာပဲ။” 

စစ်ကောင်စီခန့် ဖိုးသာအေးကျေးရွာအုပ်စုချုပ်ရေးမှူး မြင့်အေးအပိုင် ဖိုးသာအေးအစု၊ ကံစု၊ ပန်းခဝ၊ ခူမာန် စတဲ့ ကျေးရွာတွေမှာ ငွေကောက်ယူနေတာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ 

နောက်ထပ် ဒေသခံတယောက်က “တအိမ်  ၂၀၀၀၀ အထိ ကောက်ခံနေတာ။ ကြောက်တော့ ထည့်တဲ့သူတွေချည်းပဲ။ အုပ်ကြီးက ဦးဆောင်ကောက်နေတာ။ ကောက်တဲ့ငွေ မပေးတဲ့အိမ်ကို စာရင်းယူပြီး မြို့နယ်ကို တင်ပြလိုက်မယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ မထည့်ရင် ဖမ်းမှာ ကြောက်ရတော့ ထည့်ရတာပဲ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်ဟာ ကျေးရွာအုပ်စု ၁၀၈ အုပ်စုနဲ့ ကျေးရွာခွဲ ၆၇၆ အထိရှိပြီး အုပ်ချုပ်ရေးစနစ် ကျယ်ပြန့်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အရပ်သားတွေအပေါ် ဖိအားပေး ခြိမ်းခြောက်အုပ်ချုပ်ပြီး ငွေကောက်ခံကာ ကိုယ်အကျိုးသုံးတာတွေကို လုပ်နေတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေကဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတ်လ ပထမအပတ်လောက်က စတင်ပြီး စစ်မှုထမ်းစာရင်းတောင်းတာ၊ စစ်မှုထမ်း စာရင်းထဲ မပါဖို့ ငွေကောက်တာ၊ လူစားထိုးကြေး ငွေကောက်တာစတဲ့ ခေါင်းစဉ်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေပါတဲ့ စစ်မှုထမ်းစာရင်းကောက်အဖွဲ့က ငွေကြေးကောက်ခံနေတာလို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013