ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ ဦးသီဟဇော်ကို အကျင့်ပျက် ခြစားမှုနဲ့ နယ်ပြောင်းရွှေ့မိန့် ပေးခံခဲ့ရတယ်လို့ စစ်ကောင်စီ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “မော်လမြိုင်ကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ပုသိမ်တိုင်းရုံးမှာ အောက်တိုဘာလကတည်းက စစ်ဆေးနေတာ။ အခု နိုဝင်ဘာလ ၂ ရက်က နယ်ပြောင်းရွှေ့မိန့် ပေးခဲ့တာလို့ သိရတာ။ စစ်ကိုင်းတိုင်း မုံရွာဘက် ပြောင်းလိုက်တာ။ အပြောင်းခံရတာ သေချာတယ်” လို့ ပြောပါတယ်။
ဦးသီဟဇော်ဟာ ဒေသခံတွေကို နိုင်ငံရေးနဲ့ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးငွေညှစ်တာ၊ သစ်မှောင်ခိုလုပ်ငန်း၊ ငွေယူစစ်မှုထမ်းအစားထိုးလုပ်ငန်း၊ ငွေယူပြီး ဖဲဝိုင်းလုပ်ခွင့်ပြုတာ၊ အရက်ပုံးရောင်းခွင့်ပြုတာ၊ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီက ငွေယူပြီး အောက်ခြေမှာ ထင်တိုင်းအုပ်ချုပ်ခွင့်ပြုတာ စတဲ့အမှုတွေနဲ့ တိုင်းအစိုးရရုံးအထိ အတိုင်ခံရပြီး စစ်ဆေးခံနေရာကနေ အခုလို နယ်ပြောင်းရွှေ့အမိန့် ချခံလိုက်ရတာလို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ဝန်ထမ်းတယောက်က “အဲဒီလူက မော်လမြိုင်ကျွန်းမြို့နယ်မှာ အဂတိလိုက်စားလို့ဆိုပြီး ဧရာဝတီတိုင်း တတိုင်းလုံးမှာ အများဆုံး အတိုင်ခံထားရသူလေ။ နယ်အပြောင်းခံရတာ တန်တောင် မတန်ဘူး။ ငွေရဖို့ဆို ဘာမဆိုလုပ်တဲ့လူပေါ့။ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းစားနေတာ။ အရပ်သားတွေအပေါ်လည်း စာနာမှုမရှိ အနိုင်ကျင့်တဲ့အကောင်” လို့ ပြောပါတယ်။
ဦးသီဟဇော်ကြောင့် မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံ အရပ်သား လူငယ် ၉ ယောက်ထက်မနည်း နိုင်ငံရေးအမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။