အင်းစိန်မြို့နယ်မှာ စစ်တပ်နဲ့ပေါင်းကာ ရပ်ကွက်နေသူတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး အောက်တိုဘာ ၁၆ ရက် ဒီနေ့မနက် ၈ နာရီက ဓားနဲ့ထိုးသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကမ်းနားအနောက်ရပ်ကွက်မှာ ဒီနေ့မနက် ၈ နာရီက အမျိုးသားတဦး မူးယစ်ရမ်းကားနေတာကြောင့် အုပ်ချုပ်ရေး ဦးစိုးသန်းက သွားရောက်တားခဲ့ရာ ဓားနဲ့ထိုးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဓားနဲ့ထိုးတဲ့သူက ထောင်ကထွက်လာတာမကြာသေးဘူး၊ မူးယစ်အမှုနဲ့ ထောင် ၁၄ နှစ်ကျနေတာ။ အုပ်ကြီးစိုးသန်းက ကမ်းနားအနောက်မှာ နာမည်ရှိတဲ့သူဆိုတော့ တားလို့ရမလားဆိုပြီးသွားတားတာ၊ ဟိုက ဓားနဲ့ထိုးသွားတာ ဆေးရုံရောက်မှ သေသွားတာ။”
အုပ်ချုပ်ရေးမှူး ဦးစိုးသန်းဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဓားနဲ့ထိုးခံရတာဖြစ်ပြီး ဆေးရုံကို အချိန်မီပို့ခဲ့ပေမဲ့ မနက် ၁၁ နာရီမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
“လက်မောင်း ၁ ချက်ထိတယ်၊ ဗိုက် ၁ ချက်ထိတယ်။ အင်းစိန်ဆေးရုံကိုပို့တယ် မရဘူး၊ ၁၁ နာရီမှာ ဆုံးသွားတယ်။ ဓားနဲ့ထိုးတဲ့သူကို မမိဘူး၊ ရဲတွေက လိုက်ရှာနေတယ်” လို့ ဒေသခံက ပြောပါတယ်။
သေဆုံးသူ ဦးစိုးသန်းမှာ စစ်ကောင်စီကို သတင်းပေးတာတွေ၊ စစ်မှုထမ်းဖို့ ဖိအားပေးတာတွေအပြင် လူဆိုးလူမိုက်တွေနဲ့ ပေါင်းကာ ကျူးကျော်တဲတွေ ဖျက်တာကြောင့် အခုလိုအသတ်ခံရတာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူကို စစ်တပ်နဲ့ရဲတွေက လမ်းတွေပိတ်ဆို့ကာ ရှာဖွေနေပေမဲ့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။