မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်က လောင်းကစားဝိုင်းမှာ စက်တင်ဘာ ၂၄ ရက် မနက် ၁၀ နာရီဝန်းကျင်က ပစ်ခတ်ခံရပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်နဲ့ အပေါင်းအပါတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ရပ်ကွက်နေပြည်သူတယောက်က “သူက အောင်လံမြို့နယ်ထဲက တလုပ်ပင်ရွာကပါ။ စစ်ကောင်စီလက်ထက်ကျမှ သူ့ရွာမှာ အုပ်ချုပ်ရေးမှူးပြန်ဖြစ်တာ။ သူ့ရွာမှာ မနေရဲတော့လို့ မြို့ပေါ်က ရွာထောင်ရပ်ကွက်ထဲကို ရောက်လာတာ မကြာသေးဘူး။ ဟိုတလောက ဒီရပ်ကွက်က အုပ်ကြီးနဲ့လည်း အဲဒီလောင်းကစားဝိုင်းကိစ္စနဲ့ အကြီးအကျယ် စကားများခဲ့ကြသေးတယ်” လို့ DVB ကို ပြောပါတယ်။
တလုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်ဆွေနဲ့ အပေါင်းအပါတွေဟာ ရွာထောင်ရပ်ကွက်အတွင်းက ပုံတူလောင်းကစားဝိုင်းမှာ အလောင်းကစားပြုလုပ်နေချိန် ဆိုင်ကယ်စီးလာသူတွေက လာရောက်ပစ်ခတ်သွားတာလို့ သိရပါတယ်။
“ကိုမြင့်ဆွေက အရင်တခါက သူ့ရွာမှာအပစ်ခံခဲ့ရလို့ ရွာမှာဆက်မနေရဲဘဲ မြို့ပေါ်တက်လာတာ။ သူ့ကိုချောင်းနေတဲ့သူတွေ ရှိလို့နေမှာပေါ့။ သူတို့ ပုံတူကစားဝိုင်းမှာ ကစားနေတုန်း သေနတ်သမားတွေက ဆိုင်ကယ်နဲ့ရောက်လာပြီး သူနဲ့သူ့လူတွေကို တည်ပစ်သွားတာ ၇ ချက် ၈ ချက်ပဲ။ သူ့ကို ၃ ချက်မှန်ပြီး နေရာမှာတင်ဆုံးသွားတယ်” လို့ နီးစပ်သူတယောက်က ပြောပါတယ်။
တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး မြင့်ဆွေရဲ့ အပေါင်းအပါ ၂ ယောက်လည်း ကျည်ထိမှန်ပြီး တယောက် သေဆုံးကာ ကျန်တယောက်က လက်မောင်းထိမှန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။
၂၀၂၄ ခုနှစ်အတွင်း အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေ ပစ်ခတ်ခံရလို့ သေဆုံးသူ ၁၀ ယောက်ဝန်းကျင် ရှိနေပြီလို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။