ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက်မှာ စက်တင်ဘာ ၂၀ ရက် ဒီနေ့မနက် ၉ နာရီက စစ်မှုထမ်းစာရင်း ကောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၁၀် ရပ်ကွက်၊ ငုဝါမြိုင်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင်တို့ကို လမ်းလျှောက်လာသူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“စစ်မှုထမ်းစာရင်းကောက်ဖို့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ပြောပြီး ရုံးကပြန်အထွက်မှာ သေနတ်နဲ့ပစ်တာ လေးငါးချက်လောက်ရှိမယ်၊ ကျန်တဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေတောင် ရုံးထဲပြေးဝင်လို့ လွတ်သွားတာ၊ နှစ်ယောက်စလုံး ပွဲချင်းပြီးသေသွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်လာပြီး အခင်းဖြစ်နေရာက ကျည်ခွံတွေကိုကောက်ပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို စစ်ဆေးကာ ငုဝါမြိုင်လမ်းကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းမှာ အုပ်ချုပ်ရေးမှူးအသစ်ဖြစ်ပြီး တာဝန်က အနားယူသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးကြင်စိုး နေရာမှာ စစ်ကောင်စီက အစားထိုးခန့်ထားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အရင်အုပ်ချုပ်ရေးမှူးတုန်းက မကြာခဏ အပစ်ခံရလို့ တာဝန်ကနားသွားတာ၊ အခုသေတဲ့သူက အုပ်ချုပ်ရေးမှူးအသစ်။”
ပြီးခဲ့တဲ့ ၂၀၂၂ ခု ဧပြီ ၁၈ ရက်ကလည်း တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရာအိမ်မှူး ဦးဆန်းလွင် သေဆုံးပြီး အုပ်ချုပ်ရေးမှူး ဦးကြင်စိုးနဲ့ ဆယ်အိမ်မှူးတယောက် ဒဏ်ရာရခဲ့ပါတယ်။