ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တွန်မလွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး တအိမ် ကျပ် ၈၀,၀၀၀ အထိ ကောက်နေတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
တွန်မလွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လေးက မြို့နယ်အဆင့်အမိန့်နဲ့ လုပ်တာဆိုပြီး အောက်တိုဘာ ၃၀ ရက်ကစလို့ အခုလို ကောက်နေတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အုပ်ကြီးက ပထမ အစည်းအဝေးမှာ ခေါ်ပြောတာ။ ပြောပြီးတာနဲ့ မနေ့က အုပ်ကြီးနဲ့အဖွဲ့က ဆိုင်ကယ်နဲ့ တအိမ်တက်ဆင်း လိုက်ကောက်နေတာ။ တအိမ် ၈၀,၀၀၀ ဆိုတော့ မထည့်နိုင်သူ များတာပေါ့။ တပတ်အတွင်း ခွဲထည့်ပေးဖို့ ပြောတယ်။ အကြွေးတောင်းသူ၊ သူတောင်းစားထက် ဆိုးပါတယ်။ တပတ်အတွင်း ငွေမထည့်ရင် စစ်တပ်နဲ့ ဖမ်းမယ်တဲ့။ မြို့နယ်ခွင့်ပြုချက်နဲ့ လုပ်တာလို့ ပြောတယ်။ ဂရုမစိုက်ဘူးတဲ့။”
တွန်မလွန်ကျေးရွာအုပ်စုထဲမှာ တလဲလေးကုန်း၊ ဝါးတောကြီး စတဲ့ကျေးရွာခွဲ ၅ ရွာရှိပြီး အိမ်ခြေ ၁,၀၀၀ နဲ့အထက် ရှိပေမဲ့ ချို့တဲ့ နွမ်းပါးတဲ့သူတွေ များတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာ ရပ်မိရပ်ဖ တယောက်က “အခု အုပ်ချုပ်ရေးမှူးက ကိုယ့်ပြည်သူတွေ ရှိတာ၊ မရှိတာ။ ထည့်နိုင်တာ မထည့်နိုင်တာ မထောက်ထားဘူး။ ဓားပြတိုက်သလို တောင်းနေတာ။ မရှိ ရှိတာ ပေါင်နှံ ရောင်းချ ငှားရမ်း ထည့်နေရတယ်။ မထည့် မရဘူး၊ ထည့်တဲ့သူ များတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးမယ်လို့ ခြိမ်းခြောက် ငွေတောင်းနေတာကြောင့် အခြေခံလူတန်းစားတွေအဖို့ ငွေကျပ် ၈၀,၀၀၀ အထိ ထည့်ရတာကြောင့် ဖုန်း၊ အိမ်သုံးစက်ဘီး၊ အိမ်သုံးဆိုလာတွေပါ ပေါင်နှံပေးရသလို နေ့စားလုပ်အားခကိုပါ ကြိုထုတ်ကာ ထည့်ပေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူး မောင်မောင်လေးဟာ သူ့အိမ်က အလုပ်တွေ အပါအဝင် ရပ်ရွာထဲ လုပ်အားပေး မကြာခဏ ခေါ်လေ့ရှိပြီး လုပ်အားပေးမလာသူတွေကို တအိမ် ကျပ် ၁၅,၀၀၀ ဒဏ်ရိုက်တယ်ဆိုပြီး တောင်းယူနေတယ်လို့ သိရပါတယ်။