မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့သတင်းကို ထောက်လှမ်းပေးနေတဲ့ ရဲသတင်းပေးတယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းပေးနေတဲ့ ရဲသတင်းပေး ကျော်ထက်အောင် ဆိုသူကို အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီမှာ ဖမ်းဆီးရမိခဲ့တာလို့ ကျိုက်ထို ပကဖ တာဝန်ရှိတယောက်က ပြောပါတယ်။
“သူက ကျိုက်ထိုမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းအချက်အလက်တွေကိုစုံစမ်းပြီး ရဲကိုသတင်းပေးနေတာ။ လောလောဆယ် ကြားကာလ စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ အရေးယူထားပါတယ်။ သူကျူးလွန်ထားတဲ့ ပြစ်မှုတွေကိုလည်း ဆက်လက်စစ်ဆေးနေပါတယ်”
ကျိုက်ထိုမြို့နယ် ပကဖရဲ့ ကနဦးစုံစမ်းစစ်ဆေးမေးမြန်းမှုတွေအရ ရဲသတင်းပေး ကျော်ထက်အောင်ဟာ မူးယစ်ဆေးဝါးရောင်းချသူတယောက်ဖြစ်ပြီး တောင်စွန်းနယ်ထိန်းရဲ ဇော်မင်းထွန်းရဲ့ ခိုင်းစေမှုကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းတွေကို စုံစမ်း ထောက်လှမ်းပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းကလည်း သိမ်ဇရပ်မြို့နယ်၊ သုံးခွကျေးရွာက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးရေးဂိတ်ကို လမ်းမှားဝင်ရောက်လာတဲ့ စစ်ကောင်စီဗိုလ်နဲ့ ဇနီးဖြစ်သူတို့ကို ကျိုက်ထိုပကဖ က ဖမ်းဆီးရမိခဲ့သေးပါတယ်။