
မြန်မာပဲဈေးကွက်အတွင်း ပဲစင်းငုံဈေးတွေက သင်္ကြန်ကာလနောက်ပိုင်း ဆက်တိုက် ကျဆင်းနေပါတယ်။
အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယဈေးကွက်မှာ ပဲဈေးအေးနေတဲ့အပြင် ပြည်တွင်းမှာ ဒေါ်လာ ငွေလဲလှယ်နှုန်း အကျဘက်မှာ ဈေးငြိမ်နေတာကလည်း ပဲစျေးကျသွားရခြင်းရဲ့ တစိတ်တပိုင်း သက်ရောက်မှုရှိတယ်လို့ ပဲကုန်သည်တချို့က သုံးသပ်ကြပါတယ်။
သင်္ကြန်မတိုင်ခင်က ပဲစင်းငုံ ၁ တန်ဈေးနှုန်း ကျပ် ၃,၀၅၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာက လက်ရှိမှာ တတန်ကို ကျပ် ၂,၉၁၀,၀၀၀ ဝန်းကျင်အထိ ပြန်ကျဆင်းနေပါတယ်။
မတ်ပဲကလည်း သင်္ကြန်မတိုင်ခင်မှာ ၁ တန်ကို ကျပ်သိန်း ၃၁ သိန်းအထက်အထိ ရှိခဲ့ရာက လက်ရှိမှာ တတန်ကို ငွေကျပ် သိန်း ၃၀ အထက်မှာပဲ ရှိနေပါတယ်။
တောင်သူတွေအတွက် စိုက်ပျိုးထုတ်လုပ်မှု စရိတ်စကတွေ ပိုမြင့်တက်လာပေမဲ့ ပဲဈေးတွေက မနှစ်ကပေါက်ဈေးနဲ့ ယှဉ်ရင်လည်း သိသိသာသာ ဈေးနိမ့်နေတာပါ။
ပြီးခဲ့တဲ့နှစ် ကာလတူအချိန်မှာ ပဲစင်းငုံတတန်ကို ကျပ် ၄၁ သိန်းဝန်းကျင် ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ကျပ် သိန်း ၃၀ အောက်မှာ ရောက်နေတာကြောင့် မနှစ်ကနဲ့ ဒီနှစ်ကို နှိုင်းယှဉ်ရင် ပဲစင်းငုံ တတန်ကို ကျပ် ၁၁ သိန်းကျော်လောက် ဈေးနိမ့်နေတာ တွေ့ရပါတယ်။
မတ်ပဲကတော့ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် တတန်ကို ကျပ် ၁ သိန်းခွဲဝန်းကျင်သာ ဈေးနိမ့်သွားတာ တွေ့ရပါတယ်။
အိန္ဒိယရဲ့ ပဲတင်သွင်းခွင့်ကာလ တိုးမြှင့်ထားတာက ရေရှည်မှာ မြန်မာ့ပဲတွေအတွက် ဈေးကွက်အလားအလာကောင်းလို့ ဆိုနိုင်ပေမဲ့ နိုင်ငံတွင်း စိုက်ပျိုးရေးမူဝါဒတွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။