
တောင်ပေါ်မြေပြန့်မကျန် စိုက်ပျိုးထုတ်လုပ်နေတဲ့ ပဲစင်းငုံဈေးတွေဆက်တိုက်ကျဆင်းနေပြီး သီးနှံဈေးမကောင်းလို့ စစ်ဒဏ်ခံနေရတဲ့ဒေသက ပြည်သူတွေ ပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲရှိလာပါတယ်။
ပြည်တွင်းစားသုံးမှုနည်းပြီး စိုက်ပျိုးထွက်ရှိသမျှ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပတင်ပို့ရောင်းချနေတဲ့ ပဲစင်းငုံဟာ သီးနှံပေါ်ချိန်မှာ တောင်သူ မျှော်မှန်းထားတဲ့ ဈေးတန်းတခုကိုရောက်မလာဘဲ ဈေးတွေ ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။
အစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံကို အဓိကထားစိုက်ပျိုးပြီး စစ်ဒဏ်ခံနေရတဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာလည်း လက်ရှိ ၂၀၂၅ ပဲစင်းငုံရာသီမှာ တပိဿာကို ကျပ် ၄၀၀၀ သာရရှိနေလို့ စစ်ရှောင်ရာကနေ မြို့ထဲပြန်လည်ဝင်ရောက်လာတဲ့ဒေသခံတွေမှာ သီးနှံဈေးမရလို့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်လာပါတယ်။
အစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံစိုက်ပျိုးသူတောင်သူတယောက်က “လောလောဆယ်က လုပ်အားခက ဈေးကြီးတော့ သိပ်မကျန်ဘူး။ အမြတ်က။ သီးနှံဈေး ကောင်းရင်တော့ ကျန်မှာပေါ့။ မနှစ်ကဆိုရင် ၇၀၀၀ ဈေးပေါက်တယ် တပိဿာကို။ အခုက ၄၂၀၀ ဆိုတော့ တဝက်လောက် ဈေးက ကွာတာပေါ့။ မနှစ်က ဈေးဆိုရင်တော့ မြတ်တာပေါ့။ ဒီနှစ်ဈေးဆိုရင်တော့ အရင်းသာသာပဲ။ အမြတ်နည်းနည်းပဲကျန်မှာ။ အဓိက ဈေးကွက်ပေါ့နော်။ အဓိက သီးနှံဈေးမကောင်းဘူး။ ဆေးဖျန်းတော့ ဆေးကဈေးကြီး။ လုပ်အားခလည်းဈေးကြီးတယ်။ လုပ်အားခဆို ယောကျ်ားလေးတယောက်ကို နှစ်သောင်း၊ နှစ်သောင်းခွဲ။ မိန်းကလေးဆိုရင် တသောင်းခွဲ။ အာမိုစတားဆိုရင် ခုနှစ်သောင်းတဘူးကို။ တခါဖျန်းရင် ဘူး ၂၀ ဖျန်းရတယ်လေ။ ဖျန်းခပေါ့နော်။ အမြတ်က သိပ်မကျန်ဘူး” လို့ ပြောပါတယ်။
မနှစ်က ပဲစင်းငုံဈေးကောင်းခဲ့လို့ အခုနှစ်မှာ အညာဒေသရော၊ တောင်ပေါ်ဒေသမှာပါ ပဲစင်းငုံစိုက်ပျိုးမှုများခဲ့ပြီး စက်သုံးဆီဈေးမြင့်တဲ့အပြင် လမ်းခရီးတွေမှာ သီးနှံသယ်ဆောင်တဲ့ ကားတွေကို ဂိတ်အသီးသီးက တရားမဝင် ငွေကြေးတောင်းခံတဲ့အတွက် ပဲစင်းငုံတွေကို ဈေးလျှော့ဝယ်လာတာကလည်း သီးနှံဈေးကျတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။
အညာဒေသ မကွေးမြို့နယ်မှာလည်း ပဲစင်းငုံပိဿာ ၂၀ ဈေးက ကျပ် ၁၉၀,၀၀၀ ကျော်နဲ့ ဈေးစဖွင့်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ကျပ် ၉၀,၀၀၀ သာ ရှိတော့တာပါ။ ဒါကြောင့် ၂၀၂၅ ပဲစင်းငုံရာသီမှာ သီးနှံအထွက်နှုန်းနဲ့ ဈေးကွက်အခြေနေကို ချောက်မြို့နယ်မှ ပဲစင်းငုံစိုက်ပျိုးသူတောင်သူတယောက်က ပြောပါတယ်။
“ဒီနှစ်ပဲစင်းငုံကတော့ ထွက်နှုန်းကျလောက်တယ်။ သီးပြီးတော့ အဖတ်မရဘူးလေ။ အဖတ်ဘာကြောင့် မရလဲဆိုတော့ ပဲစင်းငုံတွေ အပင်လုပ်ချိန်မှာ မိုးကရွာတော့ ထွက်နှုန်းကျမှာ။ အသီးကတော့ သီးတယ်။ အပင်လုပ်ချိန်မှာ မိုးမရလိုက်တော့ မိုးကနောက်ပိုင်းကျမှ ရွာတော့ လွန်သွားပြီ။ ရာသီဥတုကလည်း အဆင်မပြေဘူး။ ဒီဘက်တွေက တော်တော်ကြီးကို ပူပြင်းခြောက်သွေ့တဲ့ထဲမှာ ပါတာပေါ့။ သွင်းအားစုတွေကလည်း အခုခေတ်က ဈေးက မတရားကို ကြီးနေတာလေ။ ဒီဘက်က စိုက်ပျိုးရေးကရတဲ့ဝင်ငွေနဲ့ သွင်းအားစုတွေ ပြန်ဝယ်တာနဲ့ကျတော့ ဘယ်လိုမှ မကာမိဘူး။”
မြန်မာ့ပဲစင်းငုံတင်သွင်းခွင့်နဲ့ပတ်သက်ပြီး အိန္ဒိယက လာမယ့် ၂၀၂၆ ခုနှစ် မတ်လအထိ တနှစ်ထပ်တိုး ခွင့်ပြုထားပြီး အဲ့ဒီလိုသက်တမ်းတိုးလာရင် ပဲဈေးတွေ တက်လာလေ့ရှိပါတယ်။
စစ်ကောင်စီကအာဏာသိမ်းပြီးကာလမှာတော့ စက်သုံးဆီဈေးကအစ စိုက်ပျိုးရေးသွင်းအားစုတွေ မြင့်တက်လာတဲ့အပြင် သီးနှံဈေးအပေါ်မှာ လမ်းဂိတ်ကြေးတွေကို ထပ်ဆောင်းလျှော့ချလာတဲ့အတွက် အခြားကုန်စည်ဈေးတွေ မြင့်တက်နေပေမဲ့ သီးနှံဈေးတွေကတော့ ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်က မြန်မာတပြည်လုံးမှာ ပဲစင်းငုံစိုက်ဧက ၁၁ သိန်းနီးပါးရှိပြီး အဲ့ဒီကနေ ပဲစင်းငုံအထွက် တင်းပေါင်း ၁၆ သန်းကျော်ထွက်ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာအရ တိကျတဲ့ ကိန်းဂဏာန်းထုတ်ပြန်နိုင်ခြင်း မရှိတောာ့ပါဘူး။