
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ ပဲမျိုးစုံ ဆွေးနွေးပွဲအပြီး ပြည်တွင်း ပဲစင်းငုံဈေး တတန်ကို ကျပ်သိန်း ၃၀ အထက်အထိ ပြန်လည်မြင့်တက်လာပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ပဲစဉ်းငုံ Red/RC အမျိုးအစား တတန်ကို ကျပ် ၂,၉၁၅,၀၀၀ ရှိခဲ့တဲ့ ဈေးနှုန်းက ဖေဖော်ဝါရီ ၁၉ ရက်မှာ ကျပ် ၃,၀၃၀,၀၀၀ အထိ မြင့်တက်လာတာပါ။
သီတင်းတပတ်ဝန်းကျင်အတွင်း ပဲစင်းငုံက တတန်ကို ကျပ် ၁၀၀,၀၀၀ ကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
အလားတူ မတ်ပဲကလည်း ဖေဖော်ဝါရီ ၁၃ ရက်က တတန်ကို ကျပ် ၂၉ သိန်းဝန်းကျင်ထိ ဈေးဆင်းခဲ့ပြီး လက်ရှိမှာ ၂,၉၄၃,၀၀၀ ကျပ်အထိ ပြန်တက်လာပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံအတွက် အဓိက ပို့ကုန်ဈေးကွက် ဖြစ်တာကြာင့် အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းမှုမူဝါဒ အပြောင်းအလဲဟာ မြန်မာနိုင်ငံ ပဲဈေးကွက်အပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ မြန်မာ့ပို့ကုန် ပဲတွေ အိန္ဒိယနိုင်ငံကို အဆင်ပြေချောမွေ့စွာနဲ့ ရေရှည် ဈေးကွက်တည်ငြိမ်စွာ တင်ပို့နိုင်ရေး သီးခြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီဆွေးနွေးပွဲမှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ဖို့ အစိုးရချင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိန္ဒိယက ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ ကာလကိုလည်း ၂၀၂၆ ခုနှစ် မတ်လကုန်အထိ သက်တမ်းတနှစ် ထပ်မံတိုးမြှင့်ထားပါတယ်။
ဒါ့အပြင် မြန်မာ-အိန္ဒိယ နားလည်မှုစာချုပ် (MoU) အရ မြန်မာနိုင်ငံဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ အိန္ဒိယနိုင်ငံကို မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန် ၁ သိန်းကို နှစ်စဉ် တင်ပို့ခွင့်ရရှိထားဝာာ ဖြစ်ပါတယ်။
အဆိုပါ MOU သက်တမ်းကုန်ဆုံးမယ့် ၂၀၂၆ ခုနှစ်ကစပြီးလည်း တနှစ်ကို မတ်ပဲ တန်ချိန် ၅ သိန်းနဲ့ ပဲစင်းငုံ ၂ သိန်းထိ နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ဖို့ကိုလည်း ထပ်မံရေးထိုးမယ့် MoU မှာ ထည့်သွင်းချုပ်ဆိုဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။
အနှစ်