Home
မြန်မာသတင်း
မြောင်းမြတွင် ဘဏ်ချေးငွေ ပြန်မဆပ်လျှင် လယ်သိမ်းမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်
DVB
·
January 13, 2025
Photo: PP

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ကိုဗစ်ချေးငွေနဲ့ စိုက်ပျိုးရေးစရိတ် ချေးငွေတွေကို ပြန်မဆပ်ပါက လုပ်နေတဲ့လယ် သိမ်းယူမယ်ဆိုပြီး ခြိမ်းခြောက်တောင်းယူနေလို့ ဒေသခံတောင်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၆ ရက်က မြောင်းမြမြို့နယ်၊ တပင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျော်နိုင်ဝင်း က တောင်သူတွေကို အစည်းအဝေးခေါ်ယူပြီး စိုက်ပျိုးစရိတ်ချေးငွေနဲ့ ဘဏ်ချေးငွေတွေကို အတင်းအဓမ္မ တောင်းယူခဲ့ပြီး ချေးငွေမဆပ်နိုင်သူတွေကို အထက်အမိန့်နဲ့ လယ်မြေတွေ သိမ်းယူမယ်လို့ ခေါ်ယူ ခြိမ်းခြောက်ပြောဆိုတာလို့ ဆိုပါတယ်။

မြောင်းမြမြို့နယ်က တောင်သူတယောက်က “အုပ်ချုပ်ရေးမှူးက အစည်းအဝေးမှာပြောတာ အထက်က ညွှန်ကြားချက်နဲ့ ပြောတာတဲ့။ မဆပ်လို့ လုံးဝမရဘူးပေါ့။ မဆပ်ရင် လူကို ဖမ်းလို့ရတယ်၊ လယ်မြေလည်း သိမ်းလို့ရတယ်။ လူမဖမ်းဘူး၊ လယ်သိမ်းမယ်လို့ ပြောတာ။ ဒီနှစ်လောက် ငွေကျပ်တည်းတာ မရှိပါဘူး။ ဒါကို အားချင်းပြန်ဆပ်ခိုင်းနေတော့ အဆင်မပြေပါဘူး” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပြန်တောင်းယူနေတဲ့ ချေးငွေတွေက စစ်ကောင်စီ အာဏာမသိမ်းခင် ကိုဗစ်- ၁၉ ကပ်ရောဂါဖြစ်ပွားလို့ အခက်အခဲဖြစ်ပေါ်နေတဲ့ တောင်သူတွေကို NLD အစိုးရက မိုးစပါးစိုက်ဘဏ်ချေးငွေနဲ့ ကိုဗစ်ချေးငွေလို့ဆိုပြီး ခေါင်စဉ်နှစ်ခုနဲ့ ထုတ်ချေးခဲ့တဲ့ ချေးငွေတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက လယ်သမားအရေး ဆောင်ရွက်ပေးသူတယောက်က “တောင်သူတွေ အခက်အခဲမျိုးစုံ ကြုံနေရတာ သိလျက်နဲ့ စစ်ကောင်စီက လုပ်နေတာ။ စစ်ကောင်စီရဲ့ သက်ညှာမှုကိုတော့ မမျှော်လင့်နဲ့ မရဘူး။ အဲဒီတော့ ပြည်သူ့အစိုးရက ချေးပေးခဲ့တဲ့ငွေတွေ ဖြစ်လို့ မရှိရင် မဆပ်နဲ့၊ ဒီတိုင်း နေလိုက်ရုံပေါ့။ လယ်သိမ်းရင် သိမ်းပါစေ၊ သူတို့ စပါးမစိုက်ခိုင်းဘဲတော့ မနေရဲဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ဘဏ်ချေးငွေကို မဆပ်ရင် အရေးယူမယ်၊ လုပ်နေတဲ့လယ် အကုန်သိမ်းမယ် ဆိုတာကြောင့် ချေးငွေပြန်ဆပ်ဖို့အတွက် တချို့ လယ်သမားတွေက အုပ်ချုပ်ရေးမှူးနဲ့ အဆင်ပြေပြီး ငွေကြေးပြည့်စုံတဲ့သူတွေဆီ လယ်ပေါင်တာ၊ လယ်ရောင်းတာတွေပါ လုပ်နေကြရတယ်လို့ သိရပါတယ်။

မြောင်းမြမြို့နယ်မှာ ပြီးခဲ့တဲ့ စပါးတွေ စတင်စိုက်ပျိုးချိန်က ဓာတ်မြေဩဇာဈေး တက်ခဲ့တာ၊ စက်သုံးဆီ ဒီဇယ်နဲ့ ဓာတ်ဆီဈေးတက်တာ၊ စပါးပင် ဖျက်ဆီးတဲ့ ရွှေခရုနဲ့ ဖျက်ပိုးကျတာတွေ ကျခဲ့တာ စတဲ့ အခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်ခဲ့ရပြီး လက်ရှိ စပါးတွေ ပြန်လည်ရိတ်သိမ်းတဲ့အခါ သိသိသာသာ အထွက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013