Home
မြန်မာသတင်း
တောင်သာမြို့က ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
April 29, 2025
Photo ; Myingyan Black Tiger (MBT)

မန္တလေးတိုင်း၊ တောင်သာမြို့က ရဲတပ်သား ၁ ယောက်ဟာ ဧပြီ ၂၆ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံအလင်းဝင်ရောက်လာတယ်လို့ Myingyan Black Tiger-MBT (မြင်းခြံခရိုင်တပ်ရင်း ၉) ဆီကနေ သိရပါတယ်။

တောင်သာမြို့ပေါ် အထက စာသင်ကျောင်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်သား ၁ ယောက် အလင်းဝင်လာတလို့ MBT တပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ ရဲတပ်သားဟာ အလင်းဝင်ရောက်ဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က MBT တပ်ဖွဲ့ဆီကို ဆက်သွယ်လာတာဖြစ်ပြီး ဧပြီ ၂၆ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

MBT တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲ က “သူ့အသက်က ၂၇ နှစ်ပါ။ မှော်ဘီ ရဲတပ်ရင်း ၅ ကနေ တောင်သာ အထကကျောင်းကို လုံခြုံရေးတာဝန်နဲ့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်ပါတယ်။ သူ့ဘက်က အလင်းဝင်ဖို့ ဆက်သွယ်လာပြီး ၄ ရက်နေ့မှာပဲ ကျနော်တို့ ရဲဘော်တွေက တောင်သာမြို့ပေါ်အထိ သွားခေါ်ပေးခဲ့ရတာပါ။ စစ်သားတွေရဲ့ လူမဆန်တဲ့ အကျင့်ပျက်ခြစားတာတွေ၊ ဝန်ထမ်းအချင်းချင်း ဖိနှိပ်တာတွေနဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ ဆက်ဆံမှုတွေကို မနှစ်သက်တော့လို့ အလင်းဝင်ရတာလို့ ပြောတယ်။ သူ့ကို ဆုကြေးငွေ ၂၅ သိန်းပေးအပ်လိုက်ပြီး သူ့မိသားစုနဲ့အတူ သူနေချင်တဲ့ နေရာအထိ ရောက်အောင် ဘေးကင်းကင်း ပို့ဆောင်ပေးထားပြီးပါပြီ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ရဲတပ်သားဟာ အူဇီသေနက် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၂ တောင့်၊ ၉ မမ ကျည်အတောင့် ၂၀၀ တို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အခုချိန်အထိ MBT တပ်ဖွဲ့ဆီကိုအလင်းဝင်လာတဲ့သူ စစ်သားနဲ့ရဲ စုစုပေါင်း ၈ ယောက်အထိရှိနေပြီး နောက်ထပ်အလင်းဝင်ရောက်လိုသူတွေကိုလည်း အချိန်မရွေး ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013