
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နန်းတည်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၈ ရက်၊ နေ့လယ် ၃ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူတွေ အနည်းဆုံး ၃ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကနေ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ခံက “တောင်သာမြို့နယ်ထဲက နန်းတည်ရွာကို မိထ္တီလာလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပါ။ အဲဒီရွာထဲက အိမ်ပေါ်ကို တည့်တည့်ကျပြီးတော့ အိမ်ထဲမှာနေကြတဲ့ အမျိုးသမီးတွေ သေဆုံးခဲ့ကြတာပါဗျ။ ကလေးငယ် တယောက် ပါတယ်။ ဘေးအိမ်တွေလည်း ပျက်စီးခဲ့ပြီးတော့ ၆ ယောက်လောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးကြဲခံရတာကြောင့် အမျိုးသမီး ကလေးငယ်တယောက် အပါအဝင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတား “တောင်သာနယ်ထဲကို မိတ္ထီလာလေတပ်ကနေ တက်တက်လာတဲ့ လေယာဥ်တွေအပြင် စက်တပ်လေထီးတွေနဲ့ပါ ပြည်သူကို ပစ်မှတ်ထားပြီးတော့ မကြာမကြာ တိုက်ခိုက်ခံနေရလို့ အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်သေဆုံးနေကြရတာပါ။ ဒီ နန်းတည်ရွာကိုလည်း တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗုံးကြဲတာ ဖြစ်ပါတယ်။ တော်လှန်ရေးရေချိန်မြင့်လာတဲ့ အချိန်မှာ စစ်တပ်ဘက်က မြေပြင် စစ်ရှုံးလာတဲ့အတွက် လေကြောင်းကိုပဲ အဓိကအားကိုးနေရတဲ့အချိန် ဖြစ်လို့ တောင်သာနယ်ထဲက ပြည်သူတွေ အပါအဝင် တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို သတိထားကြပါ။ သတိလက်လွတ်မနေကြဖို့ အလွန်အရေးကြီးပါတယ်” လို့ ပြောပါတယ်။
မတ် ၅ ရက်ညပိုင်းကလည်း တောင်သာမြို့နယ်ထဲက နတ်စောင့်ကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲချလို့ ရွာခံတွေဖြစ်ကြတဲ့ အသက် ၇၀ ကျော် အမျိုးသား တယောက်၊ မိသားစုဝင် အသက် ၄၀ အရွယ် အမျိုးသမီး ၄ ယောက်နဲ့ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေး တယောက်တို့ သေဆုံးပြီး လူနေအိမ် ၃၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။