Home
မြန်မာသတင်း
အပစ်ရပ် စစ်ကောင်စီက ဟုမ္မလင်း၊ တောင်သာနှင့် ကနီတို့ကို လေကြောင်းတိုက်ခိုက်
DVB
·
April 3, 2025
Airstrike1

အပစ်ရပ်တယ်လို့ကြေညာထားပေမဲ့ စစ်ကောင်စီဟာ ဟုမ္မလင်း၊ တောင်သာနဲ့ ကနီမြို့နယ်တို့မှာ လေကြောင်းကနေတိုက်ခိုက်ပြီး ညောင်ဦးမြို့နယ်မှာလည်း စစ်ကြောင်းထိုးပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ဧပြီ ၃ ရက် မနက်အစောပိုင်း ၂ နာရီလောက်က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သဲတောကျေးရွာကို အကြမ်းဖက်စစ်တပ်က Paramotor စက်တပ်လေထီး ၃ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး သဲတောကျေးရွာအရှေ့ဘက် တောင်သာနဲ့ ကျောက်ပန်းတောင်းသွား ကားလမ်းမရဲ့ အရှေ့ဘက်မှာ ကျရောက်ပေါက်ကွဲပြီး ရေကျော်အလယ်တန်းစာသင်ကျောင်းနဲ့ အိမ် ပျက်စီးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၃ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မနက် ၉ နာရီခွဲမှာလည်း ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်ကတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ MI-2 ဘက်စုံသုံးရဟတ်ယာဉ်ဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဖာနိုင်း၊ စန်းဆိုင်၊ ပဲနို့ဆွတ်ရွာနဲ့ ရွှေမှော်နားကို တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးသီး ၁၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်းက မုဌောရွာနဲ့ တောင်ပြောက်ရွာကို ဧပြီ ၃ ရက် နေ့ခင်းပိုင်းမှာ Paramotor စက်တပ်လေထီးနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုဌောဒေသခံတယောက်က “ကျနော်တို့မုဌောရွာနဲ့နတ်ကြီးရွာကို ၅ ကြိမ် ကြဲချသွားတယ်။ ပုံမှန်ချတဲ့ နေရာပေါ့။ ချင်းတွင်းမြစ်ကမ်းဘေးနေရာတွေကိုချသွားတာ။ ပြည်သူထိခိုက်မှုတော့ မရှိဘူးလေ။ ဒါပေမဲ့ အရပ်သားတွေဆိုတော့ ကြောက်လန့်ကြတာပေါ့။ တချို့ဆိုရင် ရွာထဲကနေ ထွက်ပြေးနေကြတာတွေရှိတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မုဌောရွာနဲ့နတ်ကြီးရွာကို လေယာဉ်နဲ့ အကြိမ်ကြိမ်ဗုံးကြဲသလို စက်တပ်လေထီးနဲ့လည်း ကြဲချတိုက်ခိုက်နေတာကြောင့် ဒေသခံအများစုဟာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့လည်း သိရပါတယ်။

တောင်ပြောက်ရွာသားတယောက်က “ကျနော်တို့တောင်ပြောက်ရွာကတော့ တလုံးတည်း ချသွားတယ်။ ပြည်သူထိခိုက်မှုတော့မရှိခဲ့လို့ ကံကောင်းသွားတယ်။ ချတာကလည်း လူတွေနဲ့ဝေးရာချလို့ သက်သာရာရသွားတာပေါ့” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာလည်း ဧပြီ ၃ ရက် မနက် ၆ နာရီလောက်မှာ ငါ့သရောက်ရဲစခန်းက တင့်ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လမ်းတလျှောက်က မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာတို့ကို ပွိုင့် ၅ စက်သေနတ်ကြီးအပါအဝင် လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံ ၂ သောင်းလောက် ထွက်ပြေးနေကြရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ဘေးကယ်ဆယ်ကူညီဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဌာနက မတ် ၃၀ ရက်ကနေ ၂ ပတ်ကြာအပစ်ရပ်ဖို့ကြေညာခဲ့ပြီး MNDAA၊ TNLA၊ AA နဲ့ KIA တို့က အပစ်ရပ်တယ်လို့ ကြေညာပြီးနောက်မှာ စစ်ကောင်စီကလည်း ၂၁ ရက်ကြာအပစ်ရပ်မယ်လို့ ဧပြီ ၂ ရက်မှာ ထုတ်ပြန်လာတာပါ။

ဒါပေမဲ့ စစ်ကောင်စီဟာ မတ် ၂၈ ရက် အင်အားပြင်း ငလျင်ကြီးလှုပ်နေတုန်းနဲ့ လှုပ်ပြီးနောက်ရက်တွေမှာ လေကြောင်းကနေ နေ့တိုင်း တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013