Home
မြန်မာသတင်း
တောင်သာတွင် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ၉ နှစ်ကလေးအပါအဝင် ၃ ဦးသေဆုံး
DVB
·
April 22, 2025
Photo: တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီ
Photo: တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲကို ဧပြီ ၂၁ ရက်၊ မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးတွေကြဲချခဲ့လို့ ၉ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၃ ယောက် သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြသူတွေလည်း ရှိတယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီကနေ သိရပါတယ်။

တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ခံက “တောင်သာနယ်၊ သံဘို(ရွာသစ်)ရွာကို မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးနဲ့ ဗုံး ၁၁ လုံး ကြဲချခံခဲ့ရတာပါ။ နောက်ပြီးတော့ စက်လက်တွေနဲ့လည်း အပေါ်ကနေ ပစ်သွားသေးတယ်။ အမျိုးသမီး ၂ ယောက်နဲ့  အမျိုးသား ၁ ယောက် ဆုံးသွားပါတယ်။ ၅ ယောက်ထက်မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သံဘို(ရွာသစ်) ကျေးရွာက အသက် ၉  နှစ်ကျော်အရွယ် မအေးမြတ်စန္ဒာနဲ့ မိခင် အသက် ၄၀ အရွယ် ဒေါ်တူး တို့ဟာ နေရာမှာတင် သေဆုံးခဲ့ရပြီး ဆွေမျိုးတော်စပ်သူ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူလင်းကတော့ ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးခဲ့ရကာ သေဆုံးသွားကြသူတွေကို ဧပြီ ၂၁ ရက် ညနေပိုင်းမှာ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် သံဘို(ရွာသစ်)ကျေးရွာက ပြည်သူပိုင်ခိုင်းနွား ၂ ကောင်လည်း သေဆုံးခဲ့ရသလို လူနေအိမ် ၃ လုံးထက်မနည်းလည်း ပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတား က “အဲဒီ သံဘို(ရွာသစ်)ရွာကို လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ်ထက်မနည်းတော့ဘူး။ အရင် အကြိမ်တွေတုန်းက ပြည်သူ အသေအပျောက်မရှိခဲ့ပေမဲ့ အခုအကြိမ်ကတော့ ၄ ယောက် ဆုံးသွားတယ်ပေါ့ဗျာ။ ရွာကြီး မဟုတ်ဘူး။ အိမ်ခြေက ၁၀၀ တောင်မပြည့်ဘူး။ ၇၀၊ ၈၀ လောက်ပဲ ရှိတာ။ PDF မရှိ၊ စခန်းမရှိ၊ တိုက်ပွဲဖြစ်တာမရှိဘဲကို ပြည်သူကို အငြိုးကြီးကြီး သတ်ဖြတ်ချင်စိတ်နဲ့ ဗုံးတွေ ကြဲချခဲ့တာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာလည်း တောင်သာမြို့နယ်ထဲက နန်းတည်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့လို့ ပြည်သူ ၂ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ် ၇ လုံးထက်မနည်းလည်း ပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ အဆိုပါကျေးရွာတွေက ပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေဖြစ်တဲ့ ဗုံးခိုကျင်းတွေ တူးထားကြပြီး ဖြစ်တဲ့အတွက်လည်း ထိခိုက်သေဆုံးမှုတွေ နည်းပါးခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်သာနယ်ထဲက ပြည်သူအချင်းချင်းတွေကြားမှာလည်း စစ်တပ်ရဲ့ လေယာဥ်သံကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို ပြုလုပ်ထားကြဖို့ အသိပေး နှိုးဆော်တာတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တောက်လျှောက်ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013