Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်ကို စစ်တပ်က လေယာဥ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၆ ဦးသေဆုံး
DVB
·
April 21, 2025
Kanbalu-airstrike4_-21052025
Kanbalu-airstrike3_-21052025
Kanbalu-airstrike1_-21052025
Kanbalu-airstrike-21052025
Kanbalu airstrike2_ 21052025

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဧပြီ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရသလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ဆီကနေ သိရပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ တာဝန်ရှိသူတဦးက “ကန့်ဘလူမြို့နယ်ထဲက ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းနဲ့နီးတဲ့ သင်တောရွာကို တံတားဦးလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်။ အဲဒီရွာထဲက ဦးစိုးမင်း+ဒေါ်မူချို ကုန်စုံဆိုင်နားကိုကျပြီး အဲ့ဒီကုန်စုံဆိုင်က ၂ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ပြည်သူတွေလည်း ၆ ယောက် ၇ ယောက်လောက် ရှိတယ်။ သူတို့ထဲမှာတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ မပါပါဘူး။ ဦးစိုးမင်း တို့ ပိုင်တဲ့ ဆိုင်တွေ၊ ဆီစက်၊ ဆန်စက်တွေ မီးလောင်ကုန်တယ်။ နောက်ထပ် အိမ် ၄၊ ၅ လုံးလောက် ဗုံးကွဲတဲ့ဒဏ်ခံရပြီး ပျက်စီးကုန်တယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဥ်နဲ့ကြဲချလိုက်တဲ့ ဗုံးတွေပေါက်ကွဲခဲ့လို့ အဆိုပါကျေးရွာနေ အသက် ၅၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ ဦးကျော်မင်းကြီး၊ ဒေါ်စော၊ ဒေါ်ခင်မာနှင်း တို့အပြင် အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်ကြတဲ့ ကိုမင်းမင်း၊ ကိုဖိုးမော့ နဲ့ မမိသေး တို့ ၆ ဦးဟာ နေရာမှာတင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲ့ဒီရွာကို တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗုံးကြဲသွားတာပါ။ ကိုးတောင်ဘို့ကကောင်တွေ ယုတ်မာတာဖြစ်ဖို့များတယ်။ စစ်တပ်က ပြည်သူအပေါ်မှာ ဘာကောင်းကျိုးမှမပြုဘဲ ပြည်သူကို နည်းလမ်းမျိုးစုံနဲ့သတ်ဖြတ်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေတာဟာ အခု ၄ နှစ်ကျော် ကာလထဲမှာ မျက်မြင်တွေ့ကြရပြီဖြစ်တယ်။ ဒါကြောင့်မို့လို့ ဖက်ဆစ်စစ်တပ်အမြစ်ပြတ်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းတိုက်ထုတ်ဖို့လိုနေပါပြီဗျ” လို့ ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစုတာဝန်ခံ ကို​ကျော်ကြီး က DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း အဆိုပါ သင်တောကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးတဲ့အတွက် ကျောင်းထိုင်ဆရာတော် အပါအဝင် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို ဘုန်းကြီးကျောင်းအတွင်းက ဘုရားစေတီတွေနဲ့ ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အခု ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းထဲမှာ ပြည်သူကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်လာနေလို့ ကလေးသူငယ်တွေအပါအဝင် ပြည်သူအမြောက်အမြား အပြစ်မဲ့စွာသေဆုံးခဲ့ရပါတယ်။ 

အခုအခါမှာလည်း စစ်ကောင်စီတပ်ဘက်က ရန်နိုင်မင်း အမည်နဲ့ စစ်ဆင်ရေးအရှိန်မြှင့်တင်လာတဲ့အတွက်လည်း တော်လှန်ရေးအင်အားကောင်းတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာနိုင်ခြေရှိနေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေကို မဖြစ်မနေပြုလုပ်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ရုပ်သံနှင့်ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013