Home
မြန်မာသတင်း
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၃၀၀ နီးပါးဖမ်းမိပြီး လက်နက်မျိုးစုံ ၄၅၀ ကျော် သိမ်းပိုက်နိုင်ခဲ့​
DVB
·
April 21, 2025
Photo : CNO/CNDF နှင့် မဟာမိတ်တပ်ဖွဲ့များ

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေးအတွင်း ချင်းညီနောင် မဟာမိတ် ပူးပေါင်းအဖွဲ့ဘက်ကလည်း အကျအဆုံးများခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ကနေ သိရပါတယ်။

CNO/CNDF ပြောရေးဆိုခွင့်ရှိတဲ့ ဆလိုင်းတင်မီက “ဖလမ်းမြို့ဆိုတာ ကလေး-ဖလမ်း-ဟားခါး ကားလမ်းမကြီးဘေးမှာ ရှိပြီးတော့ စစ်ရေးအရ အရေးပါတဲ့ မြို့ကြီးတမြို့ ဖြစ်တယ်။ ဖလမ်းမှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၂၆၈ ကို ၄ လလောက်ကြာအောင် ပိတ်ဆို့တိုက်ခိုက်လိုက်ရတယ်။ ၂၆၈ တပ်ရင်းမှူးကတော့ လက်နက်ကြီးဒဏ်ရာနဲ့ အဲဒီတပ်ရင်းထဲမှာပဲ သေဆုံးသွားတယ်။ ထွက်ပြေးသွားကြတဲ့ G1 အဆင့်ရှိတဲ့သူနဲ့ ကျန်တဲ့ လက်အောက်ငယ်သားတွေအားလုံး အရှင်ဖမ်းမိထားတယ်။ ၁၇၅ ယောက်ပေါ့။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဖမ်းမိတာက ၁၂၀ ကျော်ရှိတယ်။ အကြီးဆုံးကနေ အငယ်ဆုံးအထိ စုစုပေါင်း သုံ့ပန်း ၃၀၀ လောက် ကျနော်တို့လက်ထဲမှာ ရှိနေတယ်။ နောက်ပြီးတော့လည်း သူတို့မိသားစုဝင်တွေထဲက အမျိုးသမီးနဲ့ ကလေးတွေ အားလုံးပေါင်း ၆၀ ကျော်လည်း ရှိသေးတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးထားပါတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းကနေ လက်နက်ကြီးငယ်ပေါင်း ၄၅၀ ကျော်နဲ့ ခဲယမ်းအမြောက်အမြား အပြင် တခြားဆက်စပ်ပစ္စည်းတွေနဲ့ ဒရုန်းတွေလည်း ထိုက်ထိုက်တန်တန် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဖလမ်းမြို့သိမ်း ဂုဏ်ပြုအခမ်းအနားမှာ CNO/CNDF ပြောရေးဆိုခွင့်ရှိတဲ့ ဆလိုင်းတင်မီက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“တိုက်ပွဲထဲမှာ ကျနော်တို့ ချင်းညီနောင်ဘက်က ရဲဘော် ၅၆ ယောက်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ဘက်က ၃၀ ကျော် စုစုပေါင်း ၉၀ နီးပါးလောက် အသက်ပေးလှူ ကျဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့ ရှင်းလင်းလုပ်ငန်းတွေ ဆောင်ရွက်နေတာရှိသလို အဲဒီလုပ်ငန်းဆောင်ရွက်မှုတွေ ပြီးဆုံးရင် ဖလမ်းမြို့ကို ချင်းညီနောင်လက်ထဲကနေ ပြည်သူတွေလက်ထဲကို အမြန်ဆုံး ပြန်လည်ပေးအပ်သွားမှာပါ။ ဆက်လက်ပြီးတော့လည်း ချင်းညီနောင်အဖွဲ့တွေရဲ့ မြောက်ပိုင်း နောက်ဆုံးလှိုင်းဖြစ်တဲ့ တီးတိန်စစ်ဆင်ရေးတခု ကျန်နေပါသေးတယ်။ အဲဒီအတွက်ကိုလည်း ကျနော်တို့ Chin Liberation Fund နဲ့ PDF Zoland တာဝန်ရှိသူတွေက ရန်ပုံငွေရှာဖွေတာတွေ လုပ်ထားတာတွေ ရှိပါတယ်။ ကျနော်တို့ကို ဆက်လက်ပြီး အားဖြည့်ပေးကြဖို့လည်း တိုက်တွန်းပါတယ်။”

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ မကွေး၊ ယောဒေသနဲ့ စစ်ကိုင်းတိုင်းတွေထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သလို ချင်းညီနောင်တပ်ဖွဲ့အနေနဲ့ နောက်နောင်မှာလည်း အညာဒေသ စစ်ဆင်ရေးတွေမှာ ပြန်လည်ပါဝင်ပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က ချင်းညီနောင်စစ်ဆင်ရေး (Operations CB) အဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့မှာတော့ ဖလမ်းမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ ၂၆၈ ကို အပြီးသတ်တိုက်ခိုက်ပြီး ဖလမ်းမြို့တခုလုံးကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက “တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြတဲ့အခါမှာ ရဲဘော်တွေ ကျဆုံးခဲ့ရတာတင် မကဘဲ စစ်ဆင်ရေး ကုန်ကျစရိတ်တွေလည်း များခဲ့တယ်။ အဲဒီပေးဆပ်မှုတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ပေးဆပ်ရတာ ဖြစ်တယ်။ ရဲဘော်တွေရဲ့ စွမ်းဆောင်ရည်တွေကြောင့် တိုက်ပွဲတိုင်း အောင်မြင်မှုတွေ ရရှိခဲ့ကြတယ်။ အဲဒီအောင်မြင်မှုတွေဟာ ချင်းပြည်သူလူထုတင်မဟုတ်ဘဲ အဖိနှိပ်ခံ ပြည်သူလူထုအားလုံးရဲ့ အောင်မြင်မှုတွေ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့လည်း ၆၀ ရာခိုင်နှုန်းပဲ ပြီးမြောက်ခဲ့လို့ နောက်ထပ်မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ပုံကျပြီး အမိန့်နာခံမှုရှိတဲ့ Professional Army ဖြစ်အောင်လည်း ကြိုးစားသွားရမှာဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း တီးတိန်မြို့ကို ထပ်ပြီး ဝင်ရောက်ဖို့ရှိတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ရလဒ်ကောင်းလိုမျိုး တီးတိန်မြို့သိမ်း တိုက်ပွဲမှာလည်း ရလဒ်ကောင်းတွေရမယ်လို့ မျှော်လင့်တယ်” လို့ DVB ကို ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံး ခရိုင်မြို့ဖြစ်တဲ့ ဖလမ်းမြို့က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013