Home
မြန်မာသတင်း
တနင်္သာရီတွင် ရိက္ခာပို့ စစ်ကောင်စီကား ၃ စီး မိုင်းဆွဲခံရ
DVB
·
April 20, 2025
Photo: တနင်္သာရီကို လာသည့် စစ်တပ်ယာဉ်တန်း (ယခင်ပုံဟောင်း)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဧပြီ ၁၉ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်တွေကို ရိက္ခာလာပို့တဲ့ ကား ၃ စီး လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မြိတ်ကနေလာတဲ့ ရိက္ခာကား ၃ စီးကို တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးမှာ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ တောဗုံးကြီးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကုန်ကားတစီး မိုင်းထိမှန်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတယောက်က “ဘယ်တပ်က ထွက်လာတယ်ဆိုတာ မသိရဘူး။ ရိက္ခာတွေအပြည့်ပဲ၊ မိုင်းဆွဲခံရတာ၊ နောက်ဆုံးကားမှာ မိုင်း ၂ လုံး ခွဲခံရတယ်လို့ သိရတယ်။ ဖြတ်သွားဖြတ်လာသမားတွေ ပြောတာတော့ အဲဒီကားနားမှာ စစ်သားတွေ အများကြီးပဲတဲ့၊ မနေ့ကတော့ တခြားကားတွေနဲ့ သယ်ယူနေရတယ်” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲက တပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ထုံခါ-မောတောင် ကားလမ်းက သိန်ခွန်းဘက်ကို စစ်ကောင်စီက ရိက္ခာလာပို့တာဖြစ်ပြီး အဆိုပါနေ့က မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်ထဲကို ရိက္ခာကားတွေ ဝင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက် ပြောပါတယ်။

မိုင်းဆွဲခံရတဲ့နေ့က ဇဝဲကျေးရွာဘက်ကနေ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခု တက်လာပြီးနောက် ဇဝဲနဲ့ ၃ မိုင်ခန့် အကွာအဝေးမှာရှိတဲ့ နေ့လယ် ၂ နာရီအချိန်လောက်က ရမ်းဖိုကျေးရွာထဲကို ဝင်ရောက်နေထိုင်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧပြီ ၁၆ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်ကလည်း ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်ရင်းက စစ်ကောင်စီဂိတ်တခုအား ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တဦး ကျဆုံးသွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013