Home
မြန်မာသတင်း
ရန်ကုန်က ပေါ်တာဆွဲခံရသူများကို စစ်တပ်က နေပြည်တော် စစ်ကြောရေးပို့
DVB
·
April 20, 2025

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ လှည်းကူးမြို့နယ်တို့မှာ ဧပြီ ၈ ရက်ကနေ ၁၂ ရက်အတွင်း လူကြီး၊ လူငယ် ၇ ယောက် ပေါ်တာဆွဲခံရပြီး စစ်တပ်က  နေပြည်တော် စစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ် စျ ရပ်ကွက်မှာ အလှကုန်နဲ့ တိုလီမိုလီရောင်းချတဲ့ အသက် ၄၃ နှစ်အရွယ် ကိုမောင်မောင်စိုးကို ဧပြီ ၈ ရက်မှာ စစ်တပ်က ထောက်ကြံ့လမ်းဆုံမှာ ဖမ်းဆီးပြီး နေပြည်တော် စစ်ကြောရေးကို ပို့ခဲ့တယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

“သူက စက္ကဝတ် ၃ လမ်းမှာ နေတာ၊ ဘာပညာမှ မတတ်ဘူး၊ လက်သည်းညှပ်၊ ချိတ်၊ နားဖာကလော်နဲ့ အလှကုန်ပစ္စည်းတွေ ရောင်းတာ၊ ၈ ရက်နေ့က ပေါ်တာဆွဲခံရပြီး မိသားစုက လိုက်တော့ နေပြည်တော် စစ်ကြောရေး ရောက်နေတယ်၊ လိုက်ထုတ်တာ မရဘူး၊ ဥပဒေထဲမှာ အသက် ၄ဝ ကျော်ရင် ဘွဲ့ရပညာတတ်မှ စစ်မှုထမ်းရမှာ၊ အခုက ပေါ်တာဆွဲပြီးပို့တာ၊ ကလေးနှစ်ယောက် သူ့မိန်းမက ရူးမတတ်ဘဲ။”

ရွှေပေါက်ကံမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုအောင်ဇော်ထွေးကို ဧပြီ ၁၀ ရက်က စစ်တပ်က အောင်မင်္ဂလာအဝေးပြေးဝင်းမှာ မေးစရာရှိတယ် ဆိုပြီး ကားနဲ့ခေါ်ဆောင်သွားပြီး နောက်ရက်မှာ နေပြည်တော်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“ကိုအောင်ဇော်ထွေးက အသက် ၃၈ နှစ်ပါ၊ ပန်းရန်လုပ်နေတာ၊ အဲဒီနေ့က စလပ်လောင်းဖို့ သူ့ သူငယ်ချင်းကို သွားခေါ်တာ၊ စစ်တပ်က မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်၊ ၁၁ ရက်နေ့ ဖုန်းအဆက်အသွယ်ရတော့ နေပြည်တော် ရွာတော်စစ်ကြောရေး ရောက်နေပြီ၊ ကလေးတွေခေါ်ပြီး လိုက်အသနားခံတာတောင် မရဘူး။”

အလားတူ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မောင်လင်းမြတ်ထွန်းကို ဧပြီ ၁၁ ရက်က ဇရပ်ကွင်းတာဆုံမှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရွာတော် စစ်ကြောရေးကို ပို့ခဲ့တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“ရပ်ကွက်မှာ မဲနှိုက်တာ မပေါက်ဘူး၊ ပေါ်တာဆွဲမှ စစ်တပ် ရောက်နေတယ်၊ နေပြည်တော် ရွာတော်စစ်ကြောရေး ပို့တယ်၊ ရန်ကုန်က ဖမ်းလာတဲ့သူတွေကို အဆောင် ၁ မှာထားတယ်။”

နေပြည်တော် ရွာတော်စစ်ကြောရေးမှာ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ လှည်းကူးမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ရန်ကုန်က လူကြီး၊ လူငယ် ၇ ယောက်ရှိတယ်လို့ သွားရောက်ခဲ့သူတွေက ပြောပါတယ်။

ရန်ကုန်မှာ စစ်မှုထမ်းအပတ်စဥ် ၁၂ အတွက် လူငယ်တွေကို ဧပြီ ၁၉ ရက် မနက်က လှည်းကူး၊ တိုက်ကြီးနဲ့ ရဲမွန်တပ်ရှိ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်နေပေမဲ့ ပေါ်တာဆွဲခံရသူတွေကို နေပြည်တော် စစ်ကြောရေးကို ပို့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013