Home
မြန်မာသတင်း
ဧရာဝတီမြစ်တွင်း စစ်တပ် ပစ်ခတ်မှုကြောင့် မော်တော်ပေါ်က ခရီးသွားပြည်သူ ၁ ဦး​သေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
April 20, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဧပြီ ၁၈ ရက်‌​ ည​နေ ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ရေလမ်းခရီးသွား ပြည်သူတယောက် ​သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီကနေ သိရပါတယ်။

ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက “ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာထဲက ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်သားတွေနဲ့ ရဲတွေက ရွာအရှေ့ဘက်က ဧရာဝတီမြစ်ထဲမှာ သွားလာနေတဲ့ ရေယာဥ်တွေဆီကနေ ဆက်ကြေးတောင်းနေကျ။ အဲဒီနေ့ကလည်း သံခွန်သင်္ဘောတစီးကို ဆက်ကြေးတောင်းဖို့ သေနတ်နဲ့ပစ်ခေါ်ခဲ့တာ။ သူတို့ပစ်လိုက်တဲ့ကျည်က အဲဒီ သံခွန်သင်္ဘောဘေးမှာ ကပ်လိုက်လာတဲ့ မော်တော်ပေါ်က ခရီးသွားတွေထဲကို မှန်ပြီးတော့ တယောက် ဆုံးသွားတယ်။ တယောက်ကတော့ ဒဏ်ရာရခဲ့တာပါ” လို့ ပြောပါတယ်။

ရှိန်းမကားကျေးရွာ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလထဲကစလို့ စစ်ကောင်စီတပ်ဘက်က အင်အားတိုးမြှင့်ချထားခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ကိုကျော်က “အခု ရှိန်းမကားရဲစခန်းမှာ စစ်သား၊ ရဲနဲ့ ပျူ အင်အား ၁၀၀ လောက်ရှိတယ်။ အဲဒီရဲစခန်းရဲ့ ရိက္ခာပို့ဖို့ကလည်း ရေလမ်းနဲ့ လေကြောင်းကနေပဲ ပို့ပေးနေရတာ။ ရေလမ်းကြောင်းကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထားနိုင်တယ်။ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း သူတို့အတွက် လေကြောင်းကနေ ချပေးတဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရခဲ့တာရှိတယ်။ အဲဒီတော့ သူတို့အတွက် ရိက္ခာရဖို့က ဧရာဝတီမြစ်ထဲ သွားနေတဲ့ ရေယာဥ်တွေဆီကနေ ဆက်ကြေးကောက်ပြီး စားနေရတယ်ပေါ့ဗျာ။ အခုလည်း မော်တော်ဆီကနေ ဆက်ကြေးတောင်းဖို့ ခြိမ်းခြောက်ပြီး သေနတ်နဲ့ပစ်ခေါ်ရာက ခရီးသွားပြည်သူတွေ အကြောင်းမဲ့ သေဆုံးခဲ့ရတာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ခရီးသွားပြည်သူတွေ ဖြစ်ကြတဲ့ မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာက အသက် ၃၁ နှစ်အရွယ် ကိုသန်းမြတ်စိုး ဘယ်ဘက်ရင်အုံနဲ့ ပေါင်တွေမှာ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သလို အသက် ၂၇ နှစ်အရွယ် ကိုဇင်ဝေဖြိုး ကတော့ ခြေထောက်မှာ မစိုးရိမ်ရတဲ့ ကျည်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

ရှိမ်းမကားရဲစခန်းကို ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၅ ရက်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရခဲ့ကြသေးတယ်လို့လည်း ဝက်လက်မြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Photo : ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013