
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြေအောက်ရေရရှိမှု အခြေအနေ ဘယ်လိုရှိလဲ၊ ရေအရည်အသွေး ပြောင်းလဲမှုတွေ ရှိလားနဲ့ ရေပြန်ရဖို့ ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာ သိရဖို့ မြေပြင်မှာ ကွင်းဆင်းလေ့လာနေတဲ့ မြေအောက်ရေကြောကျွမ်းကျင်သူ ပညာရှင် တယောက်ကို DVB က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မြေအောက်ရေကြောတွေ ပြောင်းတာ ရွေ့တာ ဖြစ်တတ်တော့ ဒီတခေါက်လှုပ်ခတ်ခဲ့တဲ့ ငလျင်မှာရော မြေအောက်ရေ အခြေအနေက ဘယ်လိုရှိပါသလဲရှင်။
ဖြေ - “အပေါ်ရေကြောတွေ တွင်းတိမ်တွင်းဖြစ်တဲ့ ပေ ၁၀၀ အတွင်းကတော့ ထူးထူးခြားခြား မပြောင်းလဲပါဘူး။ အနက်ပေ ၅၀၀ နဲ့အထက်ရှိတဲ့ တွင်းတွေဆိုရင်တော့ အတွင်းမှာ ၁၀ ပေ ကနေ ပေ ၂၀ လောက် နိမ့်ဆင်းသွားပြီး ရေကြောပိတ်သွားတာ၊ အဝီစိတွင်း ပိုက်ကျိုးပြတ်ပြီး တွင်းပိတ်သွားတာတွေတော့ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။”
မေး - အခုလိုဖြစ်တာတွေကြောင့် ရေအရည်အသွေးတွေ ပြောင်းလဲတာ၊ သတ္တုဓာတ်တွေ ပါလာတာမျိုးတွေရော ရှိပါသလားရှင့်။
ဖြေ - “ရေအရည်အသွေးကတော့ သိသိသာသာ ပြောင်းလဲခြင်း မရှိပါဘူး။ တာလေငလျင်တုန်းကတော့ တွင်းတိမ်နဲ့ အပေါ်ရေကြောတွေ ယာယီပြောင်းလဲခဲ့ပြီး အနံ့အရသာ ပြောင်းလဲတာနဲ့ ရေနောက်သွားတာမျိုး ဖြစ်ခဲ့ပေမဲ့ အခုငလျင်ကတော့ ရေတွင်းပိုက်တွေ ကျိုးပြတ်ပြီး လေပိုက်တွေ ညပ်တာကြောင့် ပျက်စီးပြီး ရေထုတ်လို့မရတာမျိုးဘဲ ဖြစ်တာပါ။ မြေငလျင်လှုပ်ပြီးစမှတော့ ရေနောက်တာ၊ ရက်အနည်းငယ် ဖြစ်တယ်လို့ ကြားခဲ့ပါတယ်။ နောက်ပိုင်းတော့ ပြန်ကောင်းသွားပါတယ်။ တချို့နေရာတွေမှာ ရေအထွက်နှုန်းလျော့တာ၊ တချို့နေရာတွေမှာကျတော့ ရေပိုထွက်လာတယ်လို့လည်း ကြားခဲ့ရပါတယ်။ ရေအရည်အသွေးက နဂိုကတည်းက အငံများနေရာတွေမှာဆိုလည်း သိပ်မထူးမခြားပါဘဲ။”
မေး - ဒါဆို လက်ရှိ ရေပြတ်တယ်ဆိုတာ တွင်းထဲကပိုက်တွေ ကျိုးပြတ်တာကြောင့် ရေမရတာပေါ့နော်၊ ဒါကို ရေပြန်ရအောင် ဘယ်လိုလုပ်နိုင်မလဲရှင့်။
ဖြေ - “အဝီစိတွင်းတွေရဲ့ သဘောက တွင်းကိုတူး၊ တူးပြီးရင် ပိုက်ချရတာပေါ့၊ ဟိုးအောက်မှာတော့ ဆန်ခါ (ဇကာ) ပိုက်တွေရှိမယ်၊ ပြီးတော့ အဲဒီထဲမှာမှ လေပိုက်ပေါ့၊ ကွန်ပရက်ဆာကနေလာတဲ့ လေပိုက်ကို မှုတ်လိုက်တော့မှ ရေက အပေါ်ကိုတက်လာပြီးတော့ ရေရတာပေါ့။ ဆိုလိုတာ ပိုက်ပျက်သွားတဲ့ သဘောကျတော့ ရေက အပေါ်ကို တက်မလာတာပေါ့။ အဲတာကို တွင်းပျက်သွားပြီလို့ ပြောလို့ရတာပေါ့။ အဲဒီပိုက်တွေကို ပြန်နုတ်ဖို့ကိစ္စကျတော့လည်း တော်တော်တော့ မလွယ်တဲ့ကိစ္စပါ။ ပေ ၄၀၀ အထက် အဝီစိတွင်းတွေမှာ ပိုက်တွေပြတ်သွားလို့ တွင်းသစ်တူးရမယ့် အနေအထားက ကုန်ကျစရိတ်ကို ကျခံနိုင်ဖို့ မိသားစုတွေအနေနဲ့ ခက်ခဲနိုင်ပါတယ်။ ပေ ၅၀၀ နဲ့အထက် တွင်းတွေရဲ့ ရေရရှိနိုင်မှုနဲ့ ရေအရည်အသွေးကို မလေ့လာရသေးတာကြောင့် မပြောနိုင်သေးပါ။ နေရာရွှေ့တူးပြီး အဆင်ပြေနေတဲ့ ပေ ၅၀၀ အထက် အဝီစိတွင်းရှိရင်တော့ လေ့လာ ဆန်းစစ်မှု လုပ်သင့်ပါတယ်။”
မေး - ပျက်စီးသွားတဲ့တွင်းတွေမှာ မြေအောက်ရေ ပြန်လည်ရရှိနိုင်ဖို့ အကြံပြုချက်ရှိရင် ပြောပေးပါလားရှင့်။
ဖြေ - “ခုနကပြောသလို အပေါ်ပိုင်းကပိုက်က ထုတ်ရလွယ်ပေမဲ့ ဟိုးအောက်ဆုံးပိုင်းက ပိုက်တွေကျတော့ နည်းပညာလိုတယ်။ ဘေးနားကပ်တူးတာတို့ ဘာတို့ပေါ့၊ ဒါပေမဲ့ သူကလည်း မလုပ်တတ်ရင် ရှိတဲ့ပိုက်ပါ ဆုံးသွားနိုင်တယ်။ တွင်းအသစ်တူးတာတော့ လွယ်တာပေါ့၊ ပိုက်ထုတ်လို့ရရင်တော့ ကုန်ကျစရိတ် သက်သာတာပေါ့။ ဒါပေမဲ့ ပျက်သွားတဲ့အပေါ်ပဲ ဆွဲထုတ်လို့လွယ်တာ။ အကြံပြုချက်ကတော့ အဝီစိတွင်းပိုက်တွေကို စနစ်တကျရွေးချယ်ပြီး တွင်းအနက်ပေပေါ်မူတည်ပြီး မြေဖိအားခံနိုင်ရည် အနက်ပေ ၂၅၀ အထိ PVC 8.5 Bar (Kg/cm2) အနက်ပေ ၅၀၀ အထိကို PVC 13.5 Bar (kg/cm2)နဲ့ ပေ ၅၀၀ အထက်ကို MS (Mild Steel) ပိုက် သုံးသင့်ပါတယ်။ ရေစစ် ဆန်ခါပိုက်ကိုလည်း ပိုက်အထူသုံးခြင်း၊ ရေကြောကို ကျောက်စရစ်ရံခြင်း (Gravel packing) လုပ်သင့်ပါတယ်၊ 8.5 Bar= 8.5x14.7 psi= 125 psi ရှိပြီတော့ 13.5 Bar= 13.5×14.7 psi=200 psi ရှိပါတယ်။”
ကျေးဇူးတင်ပါတယ်ရှင်။
ဝေဝေ