
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း လူပေါင်း ၉ သန်းကျော်နဲ့ အခြေခံအဆောက်အုံများစွာ ပျက်စီးခဲ့တဲ့အပြင် သန်းနဲ့ချီတဲ့ စိုက်ပျိုးမြေနဲ့ မွေးမြူရေးလုပ်ငန်းတွေလည်း ပျက်စီးခဲ့ပါတယ်။
ဒီအခြေအနေကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ DIEM အဖွဲ့မှ ဂြိုဟ်တုဓာတ်ပုံတွေကို ဆန်းစစ်ကာ စိုက်ပျိုးရေးနဲ့ လူမှုစီးပွားအပေါ် ငလျင်လှုပ်ခတ်မှုရဲ့ သက်ရောက်နိုင်ခြေ ဆန်းစစ်သုံးသပ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ငလျင်ကြောင့် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် သက်ရောက်မှုများ
လူဦးရေ ၉ သန်းကျော် (ငလျင်ပြင်းအား ၆ နှင့် အထက်) ထိခိုက်နိုင်ခဲ့ပြီး အများဆုံးမှာ မန္တလေးတိုင်း (၄ ဒသမ ၆ သန်း)၊ စစ်ကိုင်းတိုင်း (၂ ဒသမ၇ သန်း) နဲ့ မကွေးတိုင်း (၈၆၆,၇၇၇ ဦး) တို့ ဖြစ်ပါတယ်။
ထိခိုက်နိုင်သော စိုက်ပျိုးမြေ ၃ ဒသမ ၇ သန်း ဟက်တာ
စိုက်ပျိုးမြေ ဟက်တာ ၃ ဒသမ ၇ သန်း ထိခိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း (ဟက်တာ ၁ သန်းခွဲ)၊ မန္တလေးတိုင်း (ဟက်တာ ၁ ဒသမ ၄ သန်း)၊ ရှမ်းပြည်နယ် (ဟက်တာ ၄၃၁,၀၀၀) နဲ့ မကွေးတိုင်း (ဟက်တာ ၃၈၉,၀၀၀ ) နဲ့ အပြင်းထန်ဆုံး ခံစားခဲ့ရပါတယ်။
သီးနှံအမျိုးအစားအလိုက် ထိခိုက်မှုများ
စိုက်ပျိုးရေးကိုအဓိကထားတဲ့ နေရာတွေဖြစ်တဲ့ ကန့်ဘလူ၊ ဝက်လက်၊ နောင်ချို၊ ဝမ်းတွင်း၊ နွားထိုးကြီး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို၊ ဘုတလင်၊ မြိုင်နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ မြေဧရိယာပေါင်း ဟက်တာ ၈၀,၀၀၀ ထက်ကျော်တဲ့ စိုက်ပျိုးမြေတွေ အများဆုံးထိခိုက်ခဲ့ပါတယ်။
အဆိုပါမြို့နယ်တွေရဲ့ ဆီထွက်သီးနှံနဲ့ ဆန်ဧရိယာ လွှမ်းခြုံမှုမှာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ရဲ့ သီးနှံလွှမ်းခြုံ စုစုပေါင်းဧရိယာရဲ့ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
မွေးမြူရေးလုပ်ငန်းအပေါ်သက်ရောက်မှု
ငလျင်ဟာ မွေးမြူရေးတိရစ္ဆာန်အရေအတွက် အများဆုံးရှိတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာကြောင့် ကျွဲနွားကောင်ရေ ၃ ဒသမ ၆ သန်းကျော် ထိခိုက်နိုင်ကြောင်း သုံးသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။
ထိခိုက်မှုအများဆုံးမြို့နယ်များမှာ မတ္တရာ၊ စစ်တောင်း၊ ငါန်းဇွန်၊ မြစ်သား၊ ကျောက်ဆည်၊ စစ်ကိုင်း၊ အရာတော်၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ ရွှေဘို၊ ရေစကြိုနဲ့ ဝမ်းတွင်းမြို့နယ်တွေ ဖြစ်ပါတယ်။
ဒီမြို့နယ်တွေမှာ ကျွဲနွားကောင်ရေ ၈၆၄,၀၀၀ ကျော်ရှိပြီး စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းရှိ ကျွဲနွားကောင်ရေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နွား ၆၄ ရာခိုင်နှုန်း၊ သိုးနဲ့ ဆိတ် ၇၀ ရာခိုင်နှုန်း၊ ဝက် ၄၁ ရာခိုင်နှုန်းမှာ ဒီဒေသတွေမှာ ရှိတာကြောင့် ကြီးမားတဲ့ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။
DVB DATA Team