Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်၌ တရက်တည်း ငလျင် ၇ ကြိမ် လှုပ်ခတ်
DVB
·
April 21, 2025

ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်မှာ ဧပြီ ၂၁ ရက် ဒီကနေ့ တရက်တည်း ငလျင် ၇ ကြိမ် လှုပ်ခတ်ခဲ့တဲ့အကြောင်း The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမိုးလေဝသဌာန၊ မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ လေ့လာစောင့်ကြည့်မှုအရ ညသန်းခေါင် အချိန်ကနေ မနက် ၇ နာရီအတွင်းမှာ ငလျင်လှုပ်ခတ်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လှုပ်ခတ်မှုတွေထဲမှာတော့ မနက် ၄ နာရီ ၁၇ မိနစ်က မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်ခရိုင် အနောက်မြောက်ဘက် ၁၅၉ ကီလိုမီတာလောက် အကွာမှာ တည်ရှိတဲ့ မြန်မာနိုင်ငံမှာ ဗဟိုပြုပြီးတော့ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၄ ဒသမ ၃ ရစ်ချ်တာစကေးအဆင့်ရှိတဲ့ ငလျင်က အပြင်းထန်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းငလျင်စောင့်ကြည့်ရေးဌာနက ဒီကနေ့အထိ စုစုပေါင်း နောက်ဆက်တွဲငလျင်တွေ ၆၂၄ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီထဲမှာတော့ ပြင်းအား ရစ်ချ်တာစကေး ၁ ကနေ ၂ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု  ၂၇၉ ခု၊ ရစ်ချ်တာစကေး ၃ ကနေ ၃ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၂၄၂ ခု၊ ရစ်ချ်တာ စကေး ၄ ကနေ ၄ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၈၆ ခုနဲ့ ရစ်ချ်တာစကေး ၅ ကနေ ၅ ဒသမ ၉ ကြားရှိတဲ့ လှုပ်ခတ်မှု ၁ ခုစီ ပါဝင်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဘန်ကောက်မြို့က ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ပြည်နယ်စာရင်းစစ်ရုံး အဆောက်အအုံက ကယ်ဆယ်ရေး ဆောင်ရွက်မှုဆိုင်ရာ နောက်ဆုံးသတင်းကို ထုတ်ပြန်ခဲ့ပြီး ဧပြီ ၂၀ ရက်အထိ လူ ၁၀၃ ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာတော့ သေဆုံးသူ ၄၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၉ ယောက် ပါဝင်ပြီး အပျက်အစီးတွေထဲ ပိတ်မိနေတယ်လို့ ယူဆရတဲ့ လူ ၄၇ ယောက်ကို တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source : The Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013