Home
မြန်မာသတင်း
စစ်ကိုင်းငလျင်နောက်ဆက်တွဲအဖြစ် ၁ နှစ်အတွင်း ငလျင်အကြိမ် ၇၀၀ ကျော် လှုပ်နိုင်ဟု USGS ခန့်မှန်း 
DVB
·
April 19, 2025

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲအဖြစ် ဒီ ၁ နှစ်အတွင်းမှာ ပြင်းအား ၅ အထက်ရှိတဲ့ ငလျင်တွေအပါအဝင် အကြိမ်ပေါင်း ၇၀၀ ကျော်လှုပ်နိုင်သေးတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) အချက်အလက်တွေအရသိရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဧပြီ ၁၈ ရက် မနက် ၆ နာရီကနေ ည ၁၂ နာရီအထိ ငလျင် ၁၂ ကြိမ်လှုပ်ခဲ့ပြီး အင်အားအများဆုံးက ပဲခူးတိုင်းထဲမှာ ပြင်းအား ၄ ဒသမ ၄ နဲ့ ဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်နယ်တို့မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ၃ ကြိမ်ကတော့ စစ်ကိုင်းငလျင်ကြောနဲ့ မဆိုင်ဘူး လို့ ဆိုပါတယ်။

စစ်ကောင်စီ မိုးလေဝသဌာနကလည်း ဧပြီ ၁၉ ရက် ဒီနေ့မနက်အစောပိုင်း ၁၂ နာရီ ၄ မိနစ်ကနေ ၇ နာရီ မိနစ် ၅၀ အထိ ရေတာရှည်၊ ရမည်းသင်းနဲ့ မြစ်သားမြို့တို့မှာ ပြင်းအား ၃ ဒသမ ၉၊ ၃ ဒသမ ၅ ရှိတဲ့ ငလျင် ၃ ကြိမ်လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဦးဝင်းနိုင်ကတော့ ထိုင်းနိုင်ငံ ငလျင်ဌာနရဲ့ နောက်ဆက်တွဲငလျင်လှုပ်တဲ့မှတ်တမ်းတွေအရ အကြိမ် ၆၀၀ လောက်ရှိပြီလို့ဆိုပါတယ်။

USGS ဟာ ငလျင်ကြီးလှုပ်တဲ့သတင်းနဲ့ ငလျင်ဗဟိုချက်တည်နေရာတွေကိုပဲ ထုတ်ပြန်ပေးခဲ့တာမဟုတ်ဘဲ နောက်ဆက်တွဲငလျင်တွေနဲ့ပတ်သက်ပြီးပါ ဖြစ်နိုင်ခြေကို အဆင့်မြင့် နည်းပညာတွေနဲ့ တွက်ချက်ထုတ်ပြန်ပေးထားပြီးသားဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

“ထုတ်ပြန်ပေးတဲ့ နောက်ဆက်တွဲငလျင်ငယ်လှုပ်နိုင်ခြေတွေက နေ့စဉ်ပြောင်းလဲမှုတွေ ရှိတာကြောင့် အချိန်အတိုင်းအတာတခုအထိ ကျနော် စောင့်ကြည့်ပြီးမှ အခု ရေးသားတင်ပြ ပေးလိုက်တာဖြစ်ပါတယ်။ နောက်ဆက်တွဲငလျင်ငယ်များလှုပ်နိုင်ခြေ ကြိုတင်ခန့်မှန်း ထုတ်ပြန်ခြင်းကို USGS ရဲ့ သိပ္ပံပညာရှင်တွေကပါ စောင့်ကြည့်လေ့လာထားပြီးဖြစ်တယ်ဆိုတာ သိထားရပါမယ်။ 

“အဲဒီတော့ USGS ရဲ့ နောက်ဆက်တွဲငလျင်ကြိုတင်ခန့်မှန်းချက်မှာ အချိန် ၁ နှစ်ကြာတဲ့အခါ ပြင်းအား ၇ အထက်ရှိတဲ့ ငလျင်ကြီးလှုပ်နိုင်ခြေက ၇ ရာခိုင်နှုန်း၊ ပြင်းအား ၆ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၄၆ ရာခိုင်နှုန်း၊ ပြင်းအား ၅ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၉၈ ရာခိုင်နှုန်း၊ ပြင်းအား ၄ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၉၉ ရာခိုင်နှုန်း၊ ပြင်းအား ၃ အထက်ရှိတဲ့ ငလျင်လှုပ်နိုင်ခြေက ၉၉ ရာခိုင်နှုန်း၊ ဆိုပြီး ထုတ်ပြန်ထားတာတွေ့ရပါမယ်။

ဦးဝင်းနိုင်က “ငလျင်ကြီးတခု ဒီရက်ပိုင်းအတွင်း လပိုင်းအတွင်းမှာ လှုပ်နိုင်မယ်ဆိုတဲ့ ကောလာဟလကို USGS က ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ငလျင်ကြီး တခုလှုပ်ပြီးတိုင်း ထုတ်ပြန်ပေးနေတဲ့ ကြိုတင် ခန့်မှန်းချက်နဲ့ ချေဖျက်လိုက်ကြစေချင်ပါတယ်။ အနည်းဆုံး ၁ နှစ်ကြာရင်တောင်မှ ၇ အထက် ငလျင်ကြီးလှုပ်နိုင်ခြေ က ၇ ရာခိုင်နှုန်းပဲ ရှိတာပါ” လို့ ဆိုပါတယ်။

USGS က ဒီတနှစ်အတွင်း ပြင်းအား ၃ နဲ့အထက်ငလျင်ပေါင်း ၆၆၅ ကြိမ်၊ ပြင်းအား ၄ နဲ့အထက် ငလျင်ပေါင်း ၆၅ ကြိမ်၊ ပြင်းအား ၅ နဲ့အထက် ငလျင်ပေါင်း ၆ ကြိမ်လှုပ်ခတ်နိုင်တယ်လို့ ဧပြီ ၁၈ ရက်မှာ ခန့်မှန်းဖော်ပြထားပါတယ်။

ဒီတနှစ်အတွင်းမှာဖြစ်နိုင်တဲ့ ကာလတိုနောက်ဆက်တွဲငလျင်နှုန်းတွေကို စုပေါင်းပြီး တွက်ချက်ထားတာဖြစ်လို့ ကာလရှည်ခန့်မှန်းချက်မှာ နောက်ဆက်တွဲငလျင်လှုပ်နိုင်ခြေ ပိုများနေတာလို့လည်း ရှင်းပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013