
အင်းအားပြင်းငလျင်ကြောင့် ရန်ကုန်မှာ အထပ်မြင့်တိုက်ခန်းအငှားနေသူတွေ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပေမဲ့ တိုက်ခန်း အငှားဈေးကွက် မကျဆင်းဘူးလို့ မြို့ခံတွေထံက သိရပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် ရှမ်းပြည်တောင်ပိုင်းက အင်းလေး၊ အောင်ပန်းဒေသတွေမှာ အဆောက်အအုံတွေ ပြိုကျတာ၊ နေအိမ်တွေ ပျက်စီးတာနဲ့ လူထိခိုက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ငလျင်ကြောင့် မြန်မာနိုင်ငံတဝန်း ပျက်စီးသွားတဲ့ နေအိမ် အဆောက်အဦပေါင်း ၅၀၀၀၀ ကျော်နဲ့ သေဆုံးသူ ဦးရေ ၄၄၀၀ ကျော်ရှိခဲ့ပါတယ်။
ငလျင်လှုပ်ပြီး ရက် ၂၀ ကျော်ကြာတဲ့အထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ မြန်မာနိုင်ငံမှာ ဆက်တိုက် လှုပ်ခတ်နေပြီး၊ ရန်ကုန်မှာ အထပ်မြင့်တိုက်ခန်း နေထိုင်ကြသူတွေ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ မသန္တာက “စိုးရိမ်တာပေါ့။ အခုဆိုလည်း နေ့နေ့ညည စိတ်က ထိတ်တလန့်နဲ့ အိပ်နေရတာပေါ့။ တခြား နေရာတွေမှာ လှုပ်နေတယ်ဆိုပေမဲ့ လည်း ရန်ကုန်မှာနေရတာလည်း တရက်မှ စိတ်ချမ်းသာရတာ မရှိဘူးပေါ့နော်။ ဘယ်အချိန်လှုပ်မလဲ။ တိုက်ခန်းမှာ နေရတာဆိုတော့ မန္တလေးတို့၊ စစ်ကိုင်းတို့ အဖြစ်အပျက်တွေကို ကြည့်ပြီး ကိုယ်လည်း ကြောက်တယ်။ တိုက်ခန်းဈေးတွေ အတက်အကျကတော့ ကျမတိုက်ခန်း ပိုင်ရှင်ကတော့ ရှေ့လကျရင် ဈေးတက်မယ်ပေါ့နော်။ ရှေ့လဆိုရင် တိုက်ခန်း စာချုပ် ပြည့်ပြီလေ။ ၅၀၀၀၀ တက်မယ်ပြောပေမဲ့ ကျမကတော့ ဆက်မချုပ်ဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ တိုက်ခန်းနဲ့ မနေရဲတော့လို့ လုံးချင်းအိမ် ပြောင်းဖို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။
ငလျင်ကြောင့် ရန်ကုန်မှာ အထပ်မြင့် တိုက်ခန်းနေသူတွေ စိုးရိမ်နေကြပေမဲ့ တိုက်ခန်း အငှားဈေးကွက်ကတော့ သိသိသာသာ ဈေးလျော့သွားတာ မရှိဘူးလို့ တိုက်ခန်းငှား နေထိုင်သူတွေက ပြောပါတယ်။
ကွန်ဒိုအရောင်းအဝယ် ဈေးကွက်မှာတော့ အဝယ်နှုန်း ကျဆင်းသွားပြီး၊ ဝယ်ပြီးသား ကွန်ဒိုတွေ ပြန်လည် ရောင်းချတာတွေလည်း ရှိတယ်လို့ အဲဒီဈေးကွက်ကနေ စုံစမ်း သိရပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ လှုပ်ခတ်မှုမျိုး မရှိဘူးလို့ ကွန်ဒိုအရောင်းအဝယ် လုပ်ကိုင်သူတွေက ပြောပါတယ်။
ရန်ကုန် တိုက်ခန်းပိုင်ရှင်မအိက “ဒီလို ငလျင်လှုပ်လို့ တိုက်ခန်းဈေးတွေ ကျသွားတယ်တို့၊ အရောင်းအဝယ် ရပ်သွားတယ်တို့တော့ ရန်ကုန်မှာ မဖြစ်ဘူး။ ဘာလို့မဖြစ်လဲဆိုတော့ လက်ရှိ တိုက်ခန်းမှာ နေတဲ့သူတွေကလည်း မြေကြီးမှာ ဆင်းနေဖို့ကျတော့ ရန်ကုန်လို အိမ်ခြံမြေ ဈေးကွက်က လက်လှမ်းမမီဘူးလေ။ အဲ့တော့ ဖြစ်ခါမှ ဖြစ်ရောဆိုပြီး အဲ့လို နေနေကြတဲ့သူတွေများတယ်။ အဲ့ထဲမှာလည်း ကျမတို့လည်း ပါတာပေါ့။ အဲ့တော့ ချက်ချင်းကြီး ရောင်းထုတ်တာတို့၊ ချက်ချင်းကြီး မဝယ်တာတို့ အဲ့လောက် လှုပ်လှုပ်ခတ်ခတ် မရှိဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘာသာရေးအဆောက်အဦပေါင်း ၃၉၀၀ ကျော်၊ ဘုရားစေတီပေါင်း ၅၆၀၀ ကျော်နဲ့ ဆေးရုံဆေးခန်းပေါင်း ၂၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်အကြာ၊ ဧပြီလ ၁၈ ရက်အထိ လူပေါင်း ၄၄၀၀ ကျော် သေဆုံးပြီး၊ လူ ၁၁၀၀၀ ကျော် ထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ DVB Data Team က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဇွဲသစ်