
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့အနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၂ ရှိတဲ့ ငလျင်ကြီးနဲ့အတူ နောက်ဆက်တွဲ လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေက လှုပ်ခါယိမ်းထိုးပြီး နေအိမ်တွေကို စွန့်ခွာခဲ့ကြပါတယ်။
အဲဒီလှုပ်ခတ်မှုအတွင်း အမြင့်ပိုင်းနေရာတွေကနေ ခုန်ချထွက်ပြေးခဲ့ရာမှာ ဒဏ်ရာရသူ အရေအတွက် ၁၅၁ ယောက်ထက်မနည်း ရှိတယ်လို့ မြို့တော်ဝန်ကိုယ်တိုင် X လူမှုကွန်ရက်ပေါ်မှာ အတည်ပြုပါတယ်။
လောလောဆယ်အထိ သေဆုံးသူ မရှိသေးသလို အဆောက်အအုံ ကြီးကြီးမားမား ပျက်စီးတာမျိုးလည်း မရှိဘူးဆိုပြီး အာဏာပိုင်တွေက ပြောကြားပါတယ်။
ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၄၉ မိနစ်မှာ အဓိကငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေပြင်အနက် ၆ ဒသမ ၉၂ ကီလိုမီတာအကွာမှာဖြစ်ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီနောက် နေ့လယ်ပိုင်းအချိန် နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်မှုရှိခဲ့တဲ့အလျောက် လူအုပ်ကြီးဟာ လမ်းပေါ်ထွက်ရင်း အပြင်မှာညအိပ်ဖို့အတွက် ပြင်ဆင်လာကြပါတယ်။
အဓိကငလျင်ဗဟိုချက်ဟာ အစ္စတန်ဘူလ်မြို့ရဲ့ အနောက်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ မာမရာ (Marmara) ပင်လယ်အတွင်း ဖြစ်ပေါ် ခဲ့တာပါ။
ဒီငလျင်ကြီးအပြီး နာရီပိုင်းအတွင်း နောက်ဆက်တွဲ လှုပ်ခတ်မှုပေါင်း ၅၀ ကျော်ကိုပါ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ မြို့အာဏာပိုင်တွေက ဖြည့်စွက်ပြောပါတယ်။
အစ္စတန်ဘူလ်မြို့ရဲ့ ဥရောပဘက်ခြမ်းက ဖာတီခရိုင်မှာ စွန့်ပစ်ထားတဲ့ အဆောက်အအုံတခုတော့ ပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အခုတပတ် ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ စာသင်ကျောင်းတွေကို ပိတ်ထားမယ်လို့ ပညာရေးဝန်ကြီး ယူဆွတ်ဖ်တက်ကင်က အသိပေးထားပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်း တူရကီတောင်ပိုင်းမှာ အင်အားပြင်းငလျင်ကြီး ၂ ခု လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၅၅,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
တူရကီအတွက် အကြီးမားဆုံးနဲ့ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်ဟာ လူပေါင်း ၁၆ သန်းကျော် နေထိုင်ရာအရပ်ဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံအထိ ရှိပါတယ်။
Source : Reuters