
စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံ သကာအုပ်ပြီး နှစ်ကာလများစွာ အုပ်ချုပ်နိုင်ဖို့ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ဟာ အနှစ် ၂၀ မပြည့်မီ ပျက်သုဉ်း နိဂုံးချုပ်တော့မလား။ ကမ္ဘာ့သမိုင်းမှာရော ငလျင်ကြီးတွေလှုပ်ပြီးရင် ခေါင်းဆောင်တွေ၊ စနစ်တွေ၊ ခေတ်တွေ ပျက်သုဉ်းလေ့၊ ပြောင်းလဲလေ့ ရှိသလား ဆိုတာ သုံးသပ်တင်ပြထားပါတယ်။
နေပြည်တော်ကောင်စီ နယ်နိမိတ်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၁၇ ဦး ရှိတယ်လို့ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ သီရိ ၅ မြို့နယ်နဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ပေါင်းထားတာ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီ နယ်မြေမှာ အစိုးရရုံး ၇၀ ရာခိုင်နှုန်းလောက်လည်း ပျက်စီးသွားပါတယ်။ ဒီအထဲမှာ အလုပ်သမားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ လူမှုဖူလုံရေး အဖွဲ့ရုံးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံများ၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ နေပြည်တော်လေဆိပ် လေကြောင်းထိန်းချုပ်တာဝါတို့ ထိခိုက်ပျက်စီးခဲ့လို့ ရွေးကောက်ပွဲလုပ်ဖြစ်ရင်တောင် ရန်ကုန်တိုင်းလွှတ်တော်မှာ ယာယီရုံးထိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းနေအိမ် ၁,၅၀၀ ကျော် ပြိုကျပျက်စီးပြီးတော့ အဲဒီအထဲမှာ နေဖို့မသင့်တော့တာက ၆၁၀၊ အကြီးစားပြင်ဆင်ဖို့ လိုတာက ၉၄၆ လုံး ပါပါတယ်။ ဒါ အသေးစားထိခိုက်တာ မပါသေးပါဘူး။ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ထမ်းတွေအတွက် ဝါးတဲတွေ ဆောက်နေတဲ့ပုံတွေလည်း မြင်ရပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနကို ရန်ကုန်ရွှေ့ပြောင်းပြီးတော့ စစ်ခေါင်းဆောင် ရန်ကုန်မှာ ရုံးထိုင်ဖို့ ပြင်ဆင်နေသလို ရန်ကုန်တိုင်းလွှတ်တော်ကို ပြည်ထောင်စုလွှတ်တော်အဖြစ် သုံးဖို့လည်း စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
နေပြည်တော်ကို မြို့ကွက်ချ ပြန်ဆောက်ဖို့ကိုလည်း စစ်ခေါင်းဆောင်ကိုယ်တိုင် ပြောထားတာ ကြည့်ရင် လက်ရှိ မြို့ကွက်ပျက်သွားပြီဆိုတာ ထင်ရှားပါတယ်။
ဒါဟာ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ တရားဝင် စရွှေ့ခဲ့တဲ့ နေပြည်တော်ဆိုတဲ့ မြို့ဟာ အနှစ် ၂၀ မပြည့်ခင်မှာဘဲ အုပ်ချုပ်ရေးမြို့တော် အဆင့်အတန်းကို ယာယီပဲဖြစ်ဖြစ် ဆုံးရှုံးရတော့မယ့် သဘောလည်း ဖြစ်လာပါတယ်။ စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီအရေခြုံ သကာအုပ်တဲ့ စီမံကိန်းကြီးရဲ့ ဗဟိုချက်ဖြစ်တဲ့ နေပြည်တော်ကြီး ပျက်စီးမှုဟာ စစ်အာဏာရှင် အုပ်စိုးမှု အဆုံးသတ်ရဲ့ အစ ဖြစ်လာမလား။ သမိုင်းကြောင်းနဲ့ ပြန်ယှဉ်ကြည့်ရအောင်ပါ။
ငလျင်ကြောင့် နိဂုံးချုပ်ခဲ့ရတဲ့ ခေါင်းဆောင်များနှင့် ခေတ်စနစ်များ
သမိုင်းတလျှောက်မှာ အဓိက ငလျင်ကြီးတွေဟာ တခါတရံမှာ အစိုးရတွေကို မတည်မငြိမ် ဖြစ်စေပြီးတော့ တရားဝင်မှုကို လျော့ပါးစေသလို နောက်ဆုံးမှာ ပြိုလဲအောင်ပါ တွန်းပို့ပေးနိုင်ပါတယ်။ သဘာဝဘေးဟာ နန်းဆက်တွေ အစိုးရတွေကို အပြောင်းအလဲ ဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ သမိုင်းမှာလည်း အားကောင်းတဲ့ ငလျင်ကြီးတွေဟာ အစိုးရတရပ်၊ နန်းဆက်တခု၊ အာဏာရှင်တဦး ကျဆုံးမှုနဲ့ တိုက်ဆိုင်နေခဲ့တာ၊ ကျဆုံးမှုကို မြန်ဆန်စေခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
၁၉၇၂ မာနာဂွါ ငလျင်ကြီး၊ နီကာရာဂွါနိုင်ငံ၊ ဆိုမိုဇာ မိသားစု အာဏာရှင်စနစ်၊
အင်အား ၆ ဒသမ ၃ ရှိတဲ့ ငလျင်ကြီးကြောင့် မြို့တော်နေရာအများစု ပျက်စီးခဲ့ပြီး နိုင်ငံတကာအကူအညီတွေကို အစိုးရက အလွဲသုံးစားလုပ်ခဲ့ပါတယ်။ အဂတိလိုက်စားမှုအပေါ် လူထုမကျေနပ်မှု အားကောင်းရာကနေ ဆာဒင်နစ္စတာ သူပုန်ထမှုကြီးဖြစ်ပွားခဲ့ပြီး ၇ နှစ်အတွင်းမှာပဲ အာဏာရှင် ဆိုမိုဇာ မိသားစု ဖြုတ်ချခံခဲ့ရပါတယ်။
၁၉၇၆ တရုတ် တန်ရှန်း ငလျင်ကြီး၊ မော်စီတုန်း အစိုးရ (ယဉ်ကျေးမှုတော်လှန်ရေး)
၁၉၇၆ ဇူလိုင်မှာ အင်အား ၇ ဒသမ ၆ ရှိတဲ့ ငလျင်ကြီးကြောင့် လူ ၂၄၀,၀၀၀ ကျော် သေဆုံးစေခဲ့ရပါတယ်။ တရုတ်ရိုးရာအရဆိုရင် ဒီလို သဘာဝဘေးကြီးမျိုးဟာ အုပ်စိုးသူအပေါ် ကောင်းကင်ဘုံက ပေးအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာ (Mandate of Heaven) ဆုံးရှုံးသွားတယ်လို့ ဖော်ပြရာရောက်ပါတယ်။ တကယ်လည်း ဥက္ကဋ္ဌကြီးမော်စီတုံးဟာ ငလျင်ကြီးအပြီး ခြောက်ပတ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ အဓိက လွှမ်းမိုးခဲ့တဲ့ မော်စီတုန်း ဇနီးသည် ကျန်ချင်း ပါဝင်တဲ့ လေးဦးဂိုဏ်းဟာလည်း ငလျင်ကြီးအပြီး မကြာမီမှာ ဖယ်ရှားခံခဲ့ရပြီး သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချခံခဲ့ရပါတယ်။ တန်ရှန်းငလျင်ဟာ မော်စီတုံးခေတ် အဆုံးသတ်မှုရဲ့ သင်္ကေတဖြစ်ပြီးတော့ မော်အစိုးရအပေါ် ကောင်းကင်ဘုံရဲ့ လက်ခံမှု အဆုံးသတ်သွားပြီဆိုတဲ့ အများပြည်သူအမြင်ကို အားဖြည့်ပေးခဲ့ပါတယ်။
၁၉၇၈ အီရန် တာဘတ်စ် ငလျင်၊ ဘုရင်မိုဟာမက် ရီဇာ ပါလဗီ (ရှားဘုရင်နန်းဆက်)
တော်လှန်ရေး အားကောင်းလာတဲ့အချိန် ၁၉၇၈ စက်တင်ဘာမှာ အီရန်အရှေ့ပိုင်းမှာ ငလျင်ကြီး လှုပ်ခဲ့တာကြောင့် လူ ၁၅,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ ရှားဘုရင်ရဲ့ တုံ့ပြန်မှု နှေးကွေးလွန်းတာ၊ နည်းပါးလွန်းခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး အစ္စလာမ္မစ် ပရဟိတ ကွန်ရက်တွေလောက်တောင် အသုံးမကျခဲ့ပါဘူး။ နောက်ဆုံးမှာ အစ္စလာမ္မစ် တော်လှန်ရေးနဲ့အတူ ရှားဘုရင်ကို ဖြုတ်ချပြီး ဘုရင်စနစ် အဆုံးသတ်ခဲ့ပါတယ်။
၁၉၈၈ အာမေးနီးယား၊ ဆိုဗီယက်၊ စပစ်တက် ငလျင်ကြီး၊ မီခေးလ်ဂေါ်ဘာချော့ဗ် (ဆိုဗီယက်ကွန်မြူနစ်ပါတီ)
အင်အား ၆ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးဟာ ၁၉၈၈ ခုနှစ် ဒီဇင်ဘာမှာ ဆိုဗီယက်ပြည်ထောင်စုဝင် အာမေးနီးယားမှာ ရိုက်ခတ်ခဲ့ပြီးတော့ လူ ၂၅,၀၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီကမှ အာမေးနီးယား အမျိုးသားရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆိုဗီယက်ဟာ အနောက်ကမ္ဘာရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပထမဆုံးအကြိမ် လက်ခံခဲ့ရပြီးတော့ အားနည်းချက်ရှိနေတယ်ဆိုတာ ပြသရာရောက်ခဲ့ပါတယ်။ နောက်သုံးနှစ်အကြာမှာ ဆိုဗီယက်ပြည်ထောင်စုလည်း ပြိုကွဲပြီးတော့ အာမေးနီးယားလည်း လွတ်လပ်ရေးရခဲ့ပါတယ်။ ဒီငလျင်ရဲ့ ရေရှည် စီးပွားရေး လူမှုရေး သက်ရောက်မှုတွေဟာ ၁၉၉၁ မှာ ဆိုဗီယက်ပြိုလဲမှု ဖြစ်စေတဲ့ မငြိမ်သက်မှုတွေပါ တွန်းပို့ပါဝင်ခဲ့ပြီးတော့ အစိုးရဟောင်း ပြုတ်ကျချိန်မှာ အာမေးနီးယားဒေသတလွှား မငြိမ်သက် ဖြစ်စေခဲ့ပါတယ်။
၁၈၃၉ မြန်မာ အင်းဝငလျင်ကြီး၊ သာယာဝတီမင်း (ကုန်းဘောင်ခေတ်)
မြန်မာသမိုင်းမှာ အကြီးဆုံး ငလျင်ကြီးတခုဖြစ်တဲ့ ၁၈၃၉ အင်းဝငလျင်ကြီး (အမရပူရငလျင်ကြီးလို့လည်း ခေါ်ကြပါတယ်) လှုပ်ခတ်မှုကြောင့် အင်းဝနန်းတော် ပျက်စီးခဲ့ရပြီး အမရပူရကို ပြောင်းရွှေ့ နန်းစိုက်ခဲ့ပါတယ်။ သာယာဝတီမင်းဟာ သူ့နောင်တော် ဘကြီးတော်ကို ပုန်ကန် အာဏာသိမ်းပြီးတော့ နန်းတက်လာတာဖြစ်ပြီးတော့ သူနန်းတက်ပြီး ၂ နှစ်အကြာမှာပဲ ငလျင်ကြီး လှုပ်ခဲ့တာပါ။ အစောပိုင်းမှာ နိုင်ငံရေးပြိုင်ဘက် နန်းမတော်မယ်နုတို့ စလင်းမင်းသားကြီး မောင်အိုတို့ကို အကျယ်ချုပ်ပဲထားပေမဲ့ နောက်ပိုင်းမှာ ကွပ်မျက်ပစ်ခဲ့သူပါ။ နောက်ပိုင်းမှာ လောကီပညာရပ်တွေပဲ လိုက်စားပြီးတော့ စိတ်မမှန်၊ ရူးသွားတယ်လို့ အဆိုရှိပါတယ်။ စိတ်ဖောက်တဲ့အချိန်မှာ ယောမင်းကြီးဦးဖိုးလှိုင်ရဲ့ဖခင် ယင်းတောဝန်ကြီးကိုတောင် လှံနဲ့ ထိုးသတ်ခဲ့ပါတယ်။ နောက်ဆုံးမှာ သာယာဝတီမင်းကို ကြေးပြာသာဒ်လို့ခေါ်တဲ့ ကြေးအကျဉ်းတိုက်မှာ ချုပ်ထားခဲ့ရပါတယ်။ နန်းသက် ၉ နှစ်နဲ့ပဲ နတ်ရွာစံခဲ့ပါတယ်။ သူ့လက်ထက်ကတည်းက ရန္တပိုစာချုပ်ကို မလေးမစားလုပ်ခဲ့တဲ့အတွက် အင်္ဂလိပ်နဲ့ ဆက်ဆံရေး တင်းမာပြီးတော့ သားတော် ပုဂံမင်းလက်ထက်မှာ အင်္ဂလိပ်-ဗမာ ဒုတိယစစ်ဖြစ်ပြီးတော့ အောက်မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ရောက်ခဲ့ရပါတယ်။
သဘာဝဘေးတွေဟာ နဂိုကတည်းက မခိုင်မာတဲ့ အုပ်စိုးသူတွေရဲ့ ပျက်ကွက်မှု၊ ညံ့ဖျင်းမှုကို ဘွင်းဘွင်းကြီး ပေါ်စေခြင်းအားဖြင့် ရှိပြီး နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုကို ပိုမိုမြန်ဆန်စေနိုင်တယ်ဆိုတာ သမိုင်းဖြစ်စဉ်တွေက ဖော်ပြနေပါတယ်။ မြန်မာနိုင်ငံမှာလည်း မတ်လ ၂၈ ငလျင်ကြီးဟာ စစ်ကောင်စီရဲ့ အရည်အချင်းမပြည့်မီမှုနဲ့ ရက်စက်မှုကို မီးမောင်းထိုးပြနေသလို ဒီလူတွေကို ထောက်ခံနေတဲ့သူတွေ ကိုယ်တိုင်အတွက်ပါ ယုံကြည်မှု ကျဆင်းစေပါတယ်။ သဘာဝဘေးတိုင်းက အစိုးရအပြောင်းအလဲဆီကို ဦးတည်သွားစေတယ်လို့ မပြောနိုင်ပေမဲ့ ဘူမိဗေဒ ပြတ်ရွေ့ကြောတင် မဟုတ်ဘဲနဲ့ နိုင်ငံရေးပြတ်ရွေ့ကြောကြီးကိုပါ ငလျင်ကြီးက ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်အာဏာကို သင်္ကေတပြုတဲ့ အဆောက်အအုံတွေ ပျက်စီးသွားတာဟာ စစ်အုပ်ချုပ်ရေးရဲ့ အုတ်မြစ်ကိုပါ ကိုင်လှုပ်လိုက်တာ ဖြစ်ပါတယ်။ မတ် ၂၈ ငလျင်ကြီးဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရဲ့ အစဖြစ်လာမလား ဆိုတာကိုတော့ ဆက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ