Home
မြန်မာသတင်း
နေပြည်တော်နယ်မြေတွင် ဗိုလ်မှူးအပါအဝင် ၃ ဦးဖမ်းမိ၊ တိုက်ပွဲအတွင်း ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
April 22, 2025
Photo: PLA
Photo: PLA

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေထဲမှာ စစ်ကောင်စီလက်အောက်ခံ ကပစ ၁၃ က ဗိုလ်မှူး ၁ ဦး အပါအဝင် ၃ ဦးကို ဧပြီ ၁၉ ရက်က အရှင်ဖမ်းမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ကာ သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဆီကနေ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ PLA အဖွဲ့က ဥတ္တရသီရိမြို့နယ်ထဲက လမ်းပိုင်းတနေရာကို ထိန်းချုပ်စစ်ဆေးစဥ်မှာ ကပစ ၁၃ မှ ဗိုလ်မှူးနဲ့ အဖွဲ့ကို အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အရှင်ဖမ်းမိသူတွေဟာ ဗိုလ်မှူးဖြိုးမင်းကျော် (ကြည်း/၄၆၁၁၇၊ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်း စက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (တ/၂၁၉၃၄၆၊ အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ အမှတ် ၃ တပ်ခွဲ) နဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်ထွန်းပြည့်စုံ တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ညီညီ က“အဲဒီလမ်းပိုင်းကို စစ်ဆေးနေချိန်မှာ သူတို့ကို ဖမ်းဆီးရမိခဲ့ပြီးတော့ ၃ နာရီနီးပါးလောက် စစ်ဆေး ဆောင်ရွက်နိုင်ခဲ့တယ်။ တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ သူတို့ ဖမ်းမိတာကို သတင်းရပြီး ကယ်ထုတ်ဖို့လာတဲ့ သူတို့ဘက်က စစ်ကူတပ်နဲ့ နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ အဲဒီနေရာမှာပဲ သူတို့သုံ့ပန်း ၃ ယောက်လုံး သေတယ်။ ကပစ ၁၃ က  ဗိုလ်မှူးဖြိုးမင်းကျော် ဆီက ပစ္စည်းတွေတော့ သိမ်းဆည်းလိုက်နိုင်ပေမဲ့ သူတို့အလောင်းတွေကိုတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ထားခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာခဲ့ကြတာ ဖြစ်တယ်။ အဓိကပြောချင်တာကတော့ PLA ဟာ နေပြည်တော်နဲ့ အလွန်နီးကပ်တဲ့နေရာထိ ရောက်နေပြီ ဆိုတာပါပဲ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေနဲ့ ငွေကြေးတွေ အပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃) ဟာ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံကျေးရွာအနီးမှာ တည်ရှိပြီးတော့ မိုင်းနဲ့ လက်နက်ကြီး အစိတ်အပိုင်းတွေကို အဓိကထုတ်လုပ်နေတာလို့လည်း မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013