
အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ရန်ကုန် ရွှေ့ပြောင်းနေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ရုံးထိုင်ဖို့ စီစဉ်နေတယ်လို့ နေပြည်တော် စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။
မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်က ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ရုံးဌာနတွေ ၇၀ ရာခိုင်နှုန်းနီးပါး ပြိုကျခဲ့တဲ့အတွက် ရန်ကုန်ကို ပြောင်းရွှေ့ဖို့လုပ်နေတာလို့ ဆိုပါတယ်။
နေပြည်တော်ရှိ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဝန်ထမ်းက “ဟုတ်ပါတယ်၊ ပြောင်းဖို့အတွက် တာဝန်ပေးထားလို့ ပြင်ဆင်ရွှေ့ပြောင်းနေတာပါ။ အခုဧပြီလထဲမှာ ရန်ကုန်မှာ ဝန်ကြီးချုပ်ရုံးထိုင်ဖို့ လျာထားပြင်ဆင်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကိုပါ ရွှေ့ပြောင်းနေတာလို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနဝန်ထမ်း တယောက်က “နေပြည်တော်က လမ်းဘေးမှာ အစည်းအဝေးလုပ်ရတာ။ ၆ ကြိမ်လောက်ဖြစ်နေပြီ။ နေပြည်တော်က ရုံးတွေကလည်း အကုန်ထိခိုက်ကုန်တာ။ ပြောင်းရမှာ သေချာပါတယ်” လို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနကို အရှေ့ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ၈ မိုင်စစ်ရုံးမှာ ယာယီရုံးစိုက်သွားမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကို အနောက်ပိုင်းခရိုင်မှာ ရှိတဲ့ဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) မှာ ပြန်ပြီး ရုံးထိုင်ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာ စစ်ခေါင်းဆောင် ရုံးထိုင်ဖို့ရှိတာကြောင့် လုံခြုံရေးကို အထူးပြင်ဆင်ခိုင်းထားပြီး တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ကြိုတင်ပြင်ဆင် လုပ်ဆောင်ခိုင်းထားတယ်လို့ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ အများဆုံးပြိုကျပျက်စီးခဲ့ကာ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် တယောက်အပါအဝင် ဝန်ထမ်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။