
အိမ်နီးချင်းကောင်းပီသတဲ့ တရုတ်အစိုးရရဲ့ ကူညီမှုကို မနာလိုသူတွေက နှစ်နိုင်ငံညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့အတွက် အရာရှိတွေအနေနဲ့ သတိထား လုပ်ကိုင်ဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်ကို ဧပြီ ၂၄ ရက်က သွားရောက်စစ်ဆေးတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးတချို့နဲ့ ကစထမှူးတွေကို ပြောဆိုခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
"ဦးနေဝင်းလက်ထက်မှာလည်း ကူညီတယ်၊ ဦးသန်းရွှေလက်ထက်လည်း ကူညီတယ်၊ ကျနော်တို့ လက်ထက်မှာလည်း ကူညီနေတုန်းပဲ။ ရယူလိုစိတ် မရှိတဲ့ကူညီမှုမျိုးပါ။ ဒါကို ကျေးဇူးတင်ရမယ့်အစား ဝိုင်းပြီးပုတ်ခတ်နေတာဟာ တရုတ်နိုင်ငံကို စော်ကားသလိုဖြစ်နေတယ်၊ သတိထားပြီးဆောင်ရွက်ကြဖို့ မှာချင်တယ်။”
ငလျင်ဘေး၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ တရုတ်နိုင်ငံရဲ့ ကူညီပေးမှုကို ရေးသားမှတ်သားပြီး အမျိုးသားစာကြည့်တိုက်မှာ မှတ်တမ်းတင်ထားဖို့ စာကြည့်တိုက်မှူးတွေကို တာဝန်ပေးခဲ့တယ်လို့ လည်း ဆိုပါတယ်။
တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် လားရှိုးမြို့ကို ပြန်ရခဲ့ပြီးနောက် လက်လွှတ်ထားတဲ့ မြို့တွေကို ထပ်မံရရှိအောင် တရုတ်အစိုးရဆီ အကူအညီတောင်းထားပြီး မကြာခင် ဆွေးနွေးမှုတွေ ထပ်လုပ်သွားမယ်လို့ ကက(ကြည်း)ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ကိုးကန့်တပ် MNDAA နဲ့ နယ်မြေအပေးအယူကိစွ အဆင်ပြေသွားတဲ့ စစ်တပ်အနေနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို အလုံးစုံထိုးစစ်ဆင်ဆင်နွှဲဖို့ ပြင်ဆင်နေပါတယ်။