Home
မြန်မာသတင်း
တရုတ်က ငလျင်ဆိုင်ရာ အကဲဖြတ်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့  မြန်မာသို့ စေလွှတ်
DVB
·
April 24, 2025
Photo: Reuters

မြန်မာစစ်အုပ်စုရဲ့ တောင်းဆိုချက်အရ တရုတ်နိုင်ငံက ငလျင်လှုပ်ခတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးရေးနဲ့ အကဲဖြတ်ရေးပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်ထားတယ်လို့ တရုတ် မြေငလျင် စီမံခန့်ခွဲရေးအဖွဲ့ (CEA) က ပြောတဲ့အကြောင်း ဧပြီ ၂၄ ရက် ဒီကနေ့ထုတ် Xinhua သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အဖွဲ့မှာတော့ CEA၊ တုန်ဂျီ (Tongji) တက္ကသိုလ်နဲ့ ဟာဘင်း (Harbin) နည်းပညာ တက္ကသိုလ်တို့လို ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတွေက ကျွမ်းကျင်သူ အယောက် ၃၀ လောက် ပါဝင်ပြီး အကဲဖြတ်မှုတွေထဲမှာတော့ သဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေးတို့အတွက် သိပ္ပံနည်းကျ အခြေခံတခု ဖြစ်လာစေဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

အဖွဲ့အနေနဲ့ ရန်ကုန်၊ ပဲခူးနဲ့ နေပြည်တော်တို့မှာ သဘာဝဘေးအန္တရာယ် စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်နေပြီလို့ ပြောလိုက်ပြီး အဆိုပါ ဒေသတွေက ငလျင်ရဲ့ ပြင်းထန်မှုနဲ့ အတိုင်းအတာကို အကဲဖြတ်ပြီး ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အရေးပေါ်တုံ့ပြန်မှုနဲ့ ပြုပြင်မှုဆိုင်ရာ အကြံပြုချက်တွေကို တင်ပြခဲ့ကြောင်း၊ လက်ရှိမှာတော့ အဆိုပါအဖွဲ့က မန္တလေးမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ CEA အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီး သီတင်း ၃ ပတ်ကျော် ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေမရ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

တရုတ်နိုင်ငံကတော့ မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်ပြီးတော့ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ ဆက်တိုက်ပေးအပ်ခဲ့တာကို တွေ့ရသလို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာလည်း အဋ္ဌမ အသုတ်အဖြစ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်တွေ ထပ်မံပေးအပ်ခဲ့ပါတယ်။

အဆိုပါ ထောက်ပံ့ရေး ပစ္စည်းတွေထဲမှာတော့ အရိုးဆက်ပြား ၂၄,၆၀၀ ခု၊ အရိုးဆက် screw ၁၃၂,၀၀၀ ခု၊ အရိုးအတွင်းပိုင်း ချိတ်ဆက်သံ ၄,၅၂၆ ခု၊ ကိရိယာ စက်ပစ္စည်းအိတ်ထုပ် ၃၀ စုံ၊ Sodium penicillin ထိုးဆေးပုလင်း ၁ သန်း၊ Metronidazole ဆေးပြား ဘူး ၄၀၀,၀၀၀၊ Cefradine ဆေးတောင့် ၉၀,၀၀၀ ဘူး၊ ဆေးဘက်သုံး ပိုးသတ်ဆေးပြား ဘူး  ၃၀၀ နဲ့ ဆေးဘက်သုံးအိုင်အိုဒင်း ဝါဂွမ်းတံ ၂,၀၀၀ ပုံး ပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

Source: Xinhua

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024