Home
မြန်မာသတင်း
စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ဧရာ၀တီတိုင်းက လူငယ် ၃၀၀ နီးပါး အဓမ္မစုဆောင်းခံရ
DVB
·
April 22, 2025
Photo : TTK

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ဧရာ၀တီတိုင်းထဲကနေ အရပ်သားလူငယ် ၃၀၀ နီးပါးကို အဓမ္မစုဆောင်းခဲ့ပြီး ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ ထားကာ သင်တန်းကျောင်းတွေကို ပို့ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မတ် ၂၈ ရက်က မန္တလေးကို ဗဟိုပြု လှုပ်ခတ်တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး ဖွင့်လှစ်မယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၂ ကို တက်ရောက်ဖို့ ဧရာဝတီတိုင်းထဲကနေ စုဆောင်းထားတဲ့ အရပ်သား ၃၀၀ နီးပါးကို စစ်ကောင်စီတပ်က ဧပြီ ၂၀ ရက်မှ စတင်ကာ သင်တန်းကျောင်းတွေကို ပို့နေတာလို့ ဆိုပါတယ်။

ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ပုသိမ်နဲ့ ရန်ကုန်တွေမှာ အဓိက သင်တန်းပေးမှာပါ။ တပ်က လုံခြုံရေးယူပြီး ရန်ကုန်ဘက် စစ်သင်တန်းကျောင်း ပို့ထားတာ။ အခုအပတ်စဉ်မှာ ၃၀၀ လောက် စုဆောင်းထားတာ။ စနစ်ပြောင်း စုဆောင်းထားတာလို့ သိရပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းကနေ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရတဲ့ အရပ်သား လူငယ်တွေကို စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ ဧရာတီတိုင်း စစ်တိုင်းမှူးတို့က တွေ့ဆုံခဲ့ပြီး စစ်သင်တန်းပြီးမြောက်အောင် တက်ရောက်ပြီး ကျတဲ့နေရာမှာ အသက်စွန့် တာဝန်ထမ်းဆောင်ဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့က စစ်မှုထမ်းစုဆောင်းခံရတဲ့ မိသားစုဝင်တယောက်က “စစ်မှုထမ်းဖို့ ဖမ်းခေါ်ခံရတာ ၁၀ ရက်လောက်ရှိပြီ။ လုံးဝ တွေ့ခွင့်မရတာ။ ဘယ်သင်တန်းကျောင်းမှာ တက်မယ် ဆိုတာလည်း မသိရဘူး။ သတင်းရတာ သင်တန်းကျောင်း ပို့တဲ့နေ့က လူငယ်တွေက မျက်နှာမကောင်းဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ငလျင်လှုပ်ခတ်မှုအပြီး စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် ဧရာဝတီတိုင်းမှာ တပ်သားစုဆောင်းရာမှာ အကြောင်းမကြား၊ မဲနှိုက်တာတွေမလုပ်ဘဲ အဓမ္မဖမ်းခေါ်ပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ကာ စစ်သင်တန်းကို ပို့ဆောင်တာ များတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် အဓမ္မစုဆောင်းခံရတဲ့ အရပ်သား ၃၀၀ နီးပါးဟာ ပုသိမ်က အရပ်သားလူငယ်တွေအပြင် တိုက်ပွဲဖြစ်နေတဲ့ စစ်ရေးတင်းမာနေတဲ့ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ငပုတော၊ ဟိုင်းကြီးကျွန်း စတဲ့ဒေသတွေက လူငယ်တွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013