
စစ်ကောင်စီက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ရေနံ့သာ စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ရဲ့အစပ် ဧရာဝတီတိုင်းထဲက ကျေးရွာတွေကို ဆန်သယ်ယူခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေနံ့သာ စစ်ဆေးရေးဂိတ်ကနေ ပုသိမ်-မုံရွာလမ်း အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို ဧပြီလ ဒုတိယအပတ်ကစတင်ပြီး ဆန်သယ်ယူခွင့် ကန့်သတ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးရေးဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာက ဒေသခံတယောက်က “ရေနံ့သာ စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး သွားရတဲ့ ရခိုင်နဲ့ အစပ်က ကုန်းပြင်ကျေးရွာအုပ်စု အပါအဝင် အဲဒီဘက်ကို ဆန်သယ်ယူခွင့် ကန့်သတ်ထားတာ။ တယောက်ကို ဆန် ၂ ပြည်ပဲ သယ်ယူခွင့်ပေးတယ်။ အိမ်ထောင်စုလူဦးရေ ဘယ်လောက်များများ၊ နည်းနည်း” လို့ ပြောပါတယ်။
စစ်ကောင်စီက ရခိုင်နဲ့ ထိစပ်နေတဲ့ လေးမျက်နှာနဲ့ ပုသိမ်-မုံရွာ လမ်းဘေးက ဒေသခံတွေကို လူတယောက် ၇ ရက်စာအတွက်ဆန် ၂ ပြည်သာ သယ်ယူခွင့်ပြုပြီး ပိုမိုသယ်ယူလာပါက သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။
ငါးသိုင်းချောင်းမြို့ခံတယောက်က “သူတို့(စစ်ကောင်စီ) လုပ်ပုံက တနေ့လုပ် တနေ့စားတွေအတွက် အတော်ဒုက္ခရောက်ပါတယ်။ ဆန်ရှိတဲ့ စပါးရှိတဲ့ သူတွေကတော့ ကိစ္စသိပ်မရှိဘူးပေါ့။ ဘာအတွက် လုပ်တယ်ဆိုတာ မသိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် အရင်က ဆန်ကြမ်းတပြည် ၃,၅၀၀ ကနေ ၄,၀၀၀ အထိသာ ဈေးရှိတဲ့ အဲဒီဒေသတွေမှာ လက်ရှိ ဆန်ကြမ်းတပြည် ၅,၅၀၀ ကနေ ၆,၀၀၀ အထိ ဈေးတက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် တရက်လုပ် တရက်စားတွေအဖို့ ထမင်းနပ်မမှန်တဲ့အထိ ဖြစ်နေပြီး ချေးငှားလှည့်လည် စားသောက်နေရတဲ့အထိပါ ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်အကြား ပုသိမ်-မုံရွာ လမ်းပိုင်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တော်လှန်ရေးအင်းအားစုတွေဆီ စားနပ်ရိက္ခာတွေ ရောက်ရှိမှာ စိုးရိမ်ပြီး အခုလိုလုပ်နေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။