Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် အဓမ္မပေါ်တာဆွဲခံရသည့် လူငယ် ၄ ဦး မိသားစုနှင့် အဆက်သွယ်မရ
DVB
·
April 20, 2025

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး ၁ ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၄ ယောက်ကို ဧပြီ ၁၇ ရက် ည ၇ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တွင်း ဝင်ရောက်ကာ အဓမ္မ ပေါ်တာဆွဲခဲ့ပါတယ်။

အဲဒီလို နေအိမ်တွင်း ဝင်ရောက်ကာ အဓမ္မပေါ်တာဆွဲခံရတဲ့ လူငယ် ၄ ယောက်ဟာ ဘယ်နေရာကို ခေါ်ဆောင်သွားခံရတယ်ဆိုတာ မသိရသေးတဲ့အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေက DVB ကို ပြောပါတယ်။

မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က “ဒီ ၁၇ ရက်နေ့ ည ၇ နာရီလောက်မှာ ရဲ ၆ ယောက်က ရပ်ကွက်ထဲလာပြီး လူငယ် ၄ ယောက်ကို ပေါ်တာဝင်ဆွဲတယ်။ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး ၁ ရပ်ကွက်ထဲက လူငယ်တွေပါ။ ပေါ်တာဆွဲခံရတဲ့ထဲမှာ အသက် ၂၂ နှစ်အရွယ် မွတ်ဆလင်လူမျိုး တယောက်ပါတယ်။ အဓိကဖြစ်တာကို စုံစမ်းကြည့်တော့ ရပ်ကွက်ဥက္ကဋ္ဌ စံငြိမ်းနဲ့ ရာအိမ်မှူး တင်ငွေတို့က လစဉ်ကြေးတော့ကောက်ပြီး ထွေအုပ်ရုံးကို လူလည်းမပေး၊ ငွေလည်းမပေးလို့ အခုလို ဝင်ဆွဲတာပါ။ ပေါ်တာဆွဲခံရတဲ့ ကလေးတွေနဲ့ မိသားစုတွေ အခုထိ အဆက်အသွယ် မရသေးဘူး။ ဘယ်ကိုခေါ်သွားမှန်းလဲ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်တပ်ဟာ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းခဲ့တဲ့ ၃ နှစ်ကျော်အကြာ ၂၀၂၄ ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းနည်းဥပဒေကိုတော့ ၂၀၂၅ ခု၊ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်မှုထမ်း တပ်သားသစ်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအလိုက် လူဦးရေခွဲတမ်းပေးရတာရှိပြီး မဲနှိုက်ကာ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေကို ပို့ဆောင်ရတာတွေ ရှိပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ စစ်ကောင်စီ အုပ်ချုပ်ရေးအဆင့်ဆင့်က ငွေကြေးကောင်ခံတာတွေလည်း ရှိနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။

“ကျနော်တို့ရပ်ကွက်မှာ ၂၀၂၄ မတ်လပိုင်းက စစ်မှုထမ်းဖို့ မဲနှိုက်တယ်။ ဧပြီလမှာ လစဉ်ကြေး စကောက်တယ်။ အိမ်ထောင်စုတခုမှာ လူငယ် ယောကျ်ားလေးတယောက်ရှိရင် ၂၀,၀၀၀ ကောက်တယ်။ ၂ ယောက်ရှိရင် ၄၀,၀၀၀ ကောက်တယ်။ အဲလိုကောက်တာ ရပ်ကွက်အတွက် လူအစားထိုးဝယ်လို့ မရတော့ဘူးဆိုပြီး ၂၀၂၅ ဧပြီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ၃၀,၀၀၀ ကောက်တယ်။ ကောက်ထားတဲ့ငွေတွေကို ရပ်ကွက်ဥက္ကဋ္ဌ စံငြိမ်းနဲ့ ရာအိမ်မှူး တင်ငွေတို့ ပေါင်းပြီး လုပ်စားနေတယ်” လို့ ရပ်ကွက်နေပြည်သူတ‌ယောက်က ပြောပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်းအပတ်စဉ်မှာ အနည်းဆုံး တပ်သားသစ် ၅,၀၀၀ နှုန်းနဲ့ စစ်သင်တန်းပေးနေတာဆိုရင် အပတ်စဉ် ၁၂ အထိ ရောက်ရှိပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ်ဆင်း တပ်သားသစ်တွေကို တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ရှေ့တန်းနယ်မြေတွေကို ဆက်တိုက်ပို့ဆောင်ပြီး အင်အားဖြည့်တင်းနေတာပါ။

အဲဒီလို စစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်ဆင်း တပ်သားသစ်တွေဟာ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေအတွင်းကို ခိုလှုံလာသူတွေလည်း ရှိပါတယ်။

ဒီနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်နဲ့ ရဲစာရင်းဟာ အယောက် ၂၀၀ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလို ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲမှာ စစ်ကောင်စီလက်အောက်က ဒုတိယဗိုလ်မှူးကြီးကနေ တပ်သားသစ်ထိ ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်အများစုဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ လွတ်မြောက်ရာဒေသတွေဘက်ကို တိမ်းရှောင်တာတွေ နေ့စဉ် မြင့်တက်နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013