
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ မြို့ခံပြည်သူတွေကို စစ်ကောင်စီတပ်က မြို့ပြင်ကို ထွက်ခွာခွင့်မပေးဘူးလို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက မြေပြင် လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေပါတယ်။
မြို့ခံတယောက်က “အခြေအနေ ဘယ်လိုလဲဆိုတော့ ထွက်လို့မရဘူး။ (စစ်ကောင်စီ) ပေးမထွက်တာ။ အပြင်မှာ တိုက်ပွဲတွေက ဖြစ်နေတယ်။ ပိတ်နေတာ မြို့ထဲမှာ အများကြီးပဲ။ ပတ်ပတ်လည်က ရွာကလူတွေ ထွက်လို့ရတယ်။ ထွက်ဖို့က အဆင်မပြေဘူး။ အပြင်မှာ လေယာဉ်နဲ့ နေ့တိုင်းလိုလို ကြဲနေတယ်။ ရွာဘက်တွေ လေယာဉ်နဲ့ကြဲတယ်ဆိုတော့ ထိကြ သေကြတာ များတယ်။ မြို့ထဲမှာ ဘယ်ကပစ်ထုတ်လဲမသိဘူး တောင်ပေါ်ကျောင်းပေါ်ကျတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိထားပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး အမြောက်တွေနဲ့ပစ်တာဟာ တကယ်ကို လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။
“သင်္ကြန်တွင်းမှာလည်း ပစ်ခတ်ရပ်စဲတယ်ဆိုပြီး သူ့ဘက်က ကြေညာပြီးတော့မှ သူကနေပြီးတော့ စပြီး စည်းဖောက်ပြီးတော့ ဒီ အရပ်သားပစ်မှတ်တွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေကို ထောက်ခံတယ် ဆိုတဲ့ သူတို့ထင်တဲ့ ရွာတွေ၊ လူတွေစုဝေးတဲ့နေရာတွေ လေယာဉ်နဲ့ ဗုံးကြဲတယ်။ အမြောက်တွေနဲ့ ပစ်တယ်။ အဲလိုမျိုးလုပ်တာက တကယ်ကို လူမဆန်တဲ့ လုပ်ရပ်လည်း ဖြစ်သလို နိုင်ငံတကာရဲ့ စစ်ဥပဒေကို ချိုးဖောက်ရာလည်း ရောက်တယ်။”
စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ဧပြီ ၁၇ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာနဲ့ သရက်တောကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သရက်တောကျေးရွာက ပြည်သူတယောက် သေဆုံးပြီး ကလေး ၂ ယောက် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် နေအိမ်တွေပါ ထိမှန်ပျက်စီးခဲ့ပါတယ်။
ဧပြီ ၁၅ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း ကမ်းနီကျေးရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ယောက် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး သံဃာ ၃ ပါးနဲ့ ကိုရင် ၇ ပါး အပါအဝင် ပြည်သူ ၁၇ ယောက် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အောင်ခန့်