Home
မြန်မာသတင်း
လားရှိုးကို  စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာများ စတင်ဝင်ရောက်လာ
DVB
·
April 18, 2025
Photo - Photo: ဒေသခံ

ကိုးကန့်တပ် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဌာနဆိုင်ရာတွေ ဒီနေ့ ဧပြီ ၁၈ ရက်နေ့ နေ့လယ်ပိုင်းခန့်က စတင် ဝင်ရောက်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုး ဒေသခံအမျိုးသားတယောက်က  “စစ်သားတွေလား ဘာလားတော့ မသိဘူး။ အရပ်ကားတွေရော အများအပြားနဲ့ တသီတတန်းကြီး ဝင်လာတယ်။ ရှေ့ပြေး ပွိုင့်ကားမှာတော့ စစ်ကောင်စီ စစ်သားတွေ ပါတာတွေ့တယ်။ MNDAA တပ်ဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ဒီမနက်တောင် ဈေးဝယ်နေကြတုန်းပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေလို့ ယူဆရပြီး ရှေ့ဆုံးက ရှေ့ပြေး လုံခြုံရေးကားမှာတော့ စစ်ယူနီဖောင်းဝတ်တာတွေ့ရပေမဲ့ နောက်က ကားတွေကတော့ အရပ်ကားတွေ ဖြစ်ကာ အစီး ၃၀ ဝန်းကျင်ခန့် တသီတတန်းကြီး ဝင်လာတာတွေ့လိုက်တယ်လို့ သူက ပြောပါတယ်။

ဧပြီ ၁၈ ရက် မနက်ပိုင်းမှာတော့ လားရှိုးကနေ မန္တလေးဘက် အထွက်လမ်းဘက် အရပ်သားကားတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပေမဲ့ စစ်ကောင်စီဘက်က ယာဉ်တန်းတွေ ဝင်လာပြီးနောက် အရပ်သားကားတွေကို ပြန်ဖြတ်ခွင့်ပြုပြီ ကြားတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတယောက်က “နောင်မွန်ရွာလမ်း ပိတ်တာပါ။ လောဆယ် MNDAA တွေ အရွှေ့အပြောင်းအတွက် သီးသန့် သုံးတဲ့ သဘောပါ။ ဒီနေ့ တရုတ် ကောင်စစ်ဝန် လားရှိုး လာမယ်လို့တော့ ကြားထားတာ ရှိတယ်။ ကောင်စစ်ဝန်ရုံးတော့ လားရှိုးမှာ ဖွင့်ဖို့ မရှိပါဘူး။ နေ့လယ်ပိုင်းနောင်မွန်လမ်း ပွင့်ပြီ။ စစ်ကောင်စီတွေ စဝင်လာနေပြီ” လို့ ပြောပါတယ်။

တောင်ကြီးမှာ ယာယီ ရုံးထိုင်နေတဲ့ အရပ်ဘက် Non - CDM တွေနဲ့ တခြားရုံးတွေ လားရှိုးမှာ ပြန်လည် နေရာချတော့မှာဖြစ်လို့ နောင်မွန်၊ ဟိုယ၊ AD တံတား ဘက်တွေမှာ နေရာယူထားတဲ့ MNDAA တပ်ဖွဲ့တွေ ဧပြီလကုန်ထိသာ ရှိနေမယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ MNDAA ရဲ့ ခရိုင် ၄ ခု ဖြစ်တဲ့ ကိုးကန့် ခရိုင်၊ မူပန်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ လားရှိုး ခရိုင်တွေထဲက စစ်ကော်မရှင် ၄ ယောက် အပါအဝင် အခြားအဆင့် ၈ ယောက် တရုတ်နိုင်ငံမှာ ရှိနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက လားရှိုးမြို့ကို သိမ်းပိုက် ထိန်းချုပ်ထားချိန်က ကိုးကန့်တပ်ရဲ့ အုပ်ချုပ်မှုအောက် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ရာနဲ့ချီပြီး ရှိပါတယ်။

လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုမှာ လက်ရှိ ကိုးကန့်ရပ်ကွက်ရုံးတွေ ဖွင့်ထားဆဲဖြစ်ပေမဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ မြို့ကနေ ပြောင်းရွှေ့နေကြပြီလို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။  

“လားရှိုးမြို့ပေါ်မှာ ပြည်သူလုထုတွေ အသွားအလာမပြတ် ပုံမှန်ပဲရှိနေတယ်ဆိုပေမဲ့ CDM ဝန်ထမ်းနဲ့ နိုင်ငံရေးအကျဉ်းသား အများစုကတော့ လုံခြုံရေးအရ နေရာရွှေ့ပြောင်းနေကြပါတယ်။ ဒါ့အပြင် MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေလည်း သူတို့ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ရင်းတွေက ပစ္စည်းတွေ ဌာနဆိုင်ရာရုံးတွေကပစ္စည်းတွေကို ပြောင်းရွေ့နေပြီး မြို့ပေါ်မှာ သိသိသာသာ လျော့နည်းသွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီထဲက အများစုက ကိုးကန့်တပ်နောက် လိုက်သွားကြမယ့်သူတွေရှိသလို တချို့ကလည်း ဆက်ဖြစ်လာမယ့် အခြေနေတွေပေါ်မှုတည်ပြီး ဆုံးဖြတ်ကြမယ့်သူတွေလည်း ရှိတယ်လို့ ကိုးကန့်တပ်အောက်မှာ တာဝန်ထမ်းဆောင်နေသူတယောက်က ပြောပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဇူလိုင် ၃ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး တလအကြာ သြဂုတ်၃ ရက်နေ့မှာ အပြီးတိုင်သိမ်းယူထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မတ် ၂၂ ရက်နေ့က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ MNDAA နဲ့ စစ်ကောင်စီတို့အကြား တွေဆုံပြီးနောက် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီကို ပြန်လည်ပေးအပ်မှာ ဖြစ်ကြောင်း MNDAA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လာမယ့် ဧပြီ ၂၂ ရက်မှာလည်း MNDAA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမှာ ထပ်မံ တွေ့ဆုံဖို့ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013