Home
မြန်မာသတင်း
စလင်းတွင် ဒဏ်ရာများဖြင့် ထွက်‌ပြေးလာသည့် စစ်သား ၁ ဦး ဖမ်းမိ
DVB
·
April 17, 2025
Photo : ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေ ဒဏ်ရာတွေနဲ့ ထွက်ပြေးလာသူတယောက်ကို ဧပြီ ၁၄ ရက်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ ပခုက္ကူက တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ က စစ်ကြောင်းထဲကနေ ထွက်ပြေးလာကြတာ ၂ ယောက်ပါ။ တယောက်ကိုတော့ မိုင်းမိတဲ့ဒဏ်ရာတွေနဲ့အတူ အရှင်မိထားတယ်။ နောက်တယောက်ကတော့ မမိသေးဘူး။ သေသလား၊ ရှင်သလား မသိရသေးဘူး။ သူတို့နှစ်ယောက်စလုံးက တပ်သားသစ်အဖြစ် မတရားစုဆောင်းခံထားရတာလို့ သိရတယ်” လို့ ပြောပါတယ်။

အရှင်ဖမ်းဆီးရမိသူဟာ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပေါ်တာဆွဲခံခဲ့ရပြီး ရဲမွန်မြို့မှာ စစ်သင်တန်း အပတ်စဉ် ၅ ကို ၃ လ တက်ရောက်ခဲ့ရကာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ ကို ပို့ဆောင်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် ဖိုးအေး (ပစ-၁၂၃၉၂၇) ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်သတ္တိက “သူတို့စစ်ကြောင်းက စလင်းနယ်ထဲမှာ ကျနော်တို့ဘက်က ထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး ဒဏ်ရာရတာရ၊ သေတဲ့သူသေ ဖြစ်ကြတဲ့အချိန်မှာ သူတို့တွေ ၂ ယောက် ထွက်ပြေးလာကြတာ။ လက်နက်ခဲယမ်းတွေ ပါမလာခဲ့ဘူး။ ကျနော်တို့ဘက်က ဖိုးအေးကို ဖမ်းမိတော့ သူ့မှာ မိုင်းမိတဲ့ ဒဏ်ရာတွေ ပွနေအောင် ရထားတယ်။ အဲဒါကြောင့် စစ်ဆေးတာတွေ မလုပ်သေးဘဲနဲ့ ဆေးအရင်ကုပေးထားရတယ်။ ဒဏ်ရာတွေက များလို့ ချုပ်ပေးရတာကို အချက် ၂၀ လောက် ရှိတယ်။ အရင်ကတည်းက ထွက်ပြေးဖို့ ကြံနေကြတာ အခွင့်မရလို့တဲ့” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ ကိုဖိုးအေးဟာ စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်ဖို့ ဆန္ဒရှိတဲ့အတွက် ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ကပဲ တာဝန်ယူ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေပြီး ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

စလင်းမြို့နယ်၊ ကံပြားကျေးရွာကနေ မိုင် ၂၀ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ ပခုက္ကူတပ်မ ၂၃၅ တပ်ရင်းက တပ်သားသစ် ကိုချစ်ဖွေး ကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013