မကွေးတိုင်း၊ စလင်းမြို့နယ် တောင်ဘိုကျေးရွာကို ဧပြီ ၆ ရက် ညနေမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၅၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စလင်းမြို့နယ် တောင်ဘိုကျေးရွာကို ဧပြီ ၆ ရက် ညနေ ၄ နာရီကျော်လောက်မှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ စလင်းမြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ တောင်ဘိုရွာက အိမ်ခြေ ၅၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံ အမျိုးသားတယောက်ကိုလည်း အဲဒီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာလည်း ဧပြီ ၅ ရက်ညမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရရှိကာ နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။