
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တပ်သားသစ်တယောက်ကို ဧပြီ ၅ ရက်မှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ (Peacock Brother Urban Guerrilla) ဆီကနေ သိရပါတယ်။
ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စလင်းမြို့နယ်ထဲက ကံပြားရွာဘက်ကနေ မိုင် ၂၀ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်သားသစ်တယောက်ကို ကျနော်တို့ဘက်က ကင်းပုန်းအဖွဲ့ကနေ အရှင်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ယူမလာဘဲ ထွက်ပြေးလာတာလို့ သိရပါတယ်” လို့ ပြောပါတယ်။
အရှင်ဖမ်းဆီးရမိသူဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၈ ရက်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ကိုချစ်ဖွေး (ပစ-၁၂၇၈၅၈) ဖြစ်ပါတယ်။
ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ညီနောင်က “သူက ပခုက္ကူတပ်မ ၁၀၁ လက်အောက်က တပ်ရင်း ၂၃၅ ကနေ စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းဆင်းခဲ့သူ ဖြစ်တယ်။ စစ်သက်ကတော့ သင်းတန်းကာလကောမှ ၇ လလောက်ပဲ ရှိသေးတာ။ တပ်တွင်းဖိနှိပ်တာတွေကို မခံနိုင်တော့လို့ ထွက်ပြေးလာတာလို့တော့ ကနဦး သိရတယ်ဗျ” လို့ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားသစ် ကိုချစ်ဖွေးကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ကပဲ ကောင်းမွန်စွာ ထိန်းသိမ်းပေးထားပြီး စစ်ဆေးနေပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက် စလင်းမြို့နယ်ထဲက ကံပြားကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေက ထောင်ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရပါတယ်။