
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို မတ် ၃၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်တပ်က တိုက်လေယာဥ် ၃ စီး၊ Paramotor (စက်တပ်လေထီး) တွေနဲ့ပါ စလင်းမြို့နယ်ထဲက ရွာတွေကို ဗုံးကြဲသွားတာပါ။ အဲဒီရွာတွေက ပြည်သူတွေ သောင်းချီပြီး ထွက်ပြေးနေကြရပါတယ်” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စလင်းမြို့နယ်ထဲက ပေါက်ကျင်း၊ ကိုင်းကြီး၊ ကံပြား၊ သစ်ခေါက်တောင်၊ ရစ်ပြင်နဲ့ တောင်ဇင်ကျေးရွာတွေက သောင်းချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီကျေးရွာတွေကို မတ် ၃၁ ရက်၊ မနက် ၉ နာရီဝန်းကျင်ကနေ နေ့လယ် ၃ နာရီဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
စလင်း ပကဖ တာဝန်ခံ ကိုအမ်ဖိုးက “အဲဒီရွာတွေကို တိုက်လေယာဥ် ၃ စီးနဲ့ အသွားအပြန် ၆ ကြိမ်အပြင် Paramotor (စက်တပ်လေထီး) တွေနဲ့ ဗုံးသီးအလုံး ၅၀ ကျော် ၆၀ နီးပါး ကြဲသွားတာ။ ကျနော်တို့ တပ်ရင်းတွေက ရဲဘော်တွေကလည်း ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတာဖြစ်ပြီး ေ–ွးတပ်ဘက်က မြေပြင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ တနေကုန်နီးပါး အသားလွတ် လာပစ်သွားတာဖြစ်တယ်။ ပြည်သူတွေ ပြေးနေရတယ်ဆိုတာပဲ သိရသေးတယ်။ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရတဲ့ မြေပြင်အခြေအနေတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
မတ် ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ အပြင်းအထန် လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီး သေဆုံးသူတွေ များပြားနေလို့ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန် စစ်ကောင်စီတပ်က အခုလို ပြည်သူအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။
ငလျင်ဒဏ်သင့်ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့်တဲ့ ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ် ၃၀ ရက်ကစတင်ပြီး ၂ ပတ်ကြာ ရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာထားပေမဲ့လည်း စစ်ကောင်စီတပ်ဘက်ကတော့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ပွဲဖော်ဆောင်တာတွေ ရပ်နားထားပေမဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ စလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။