မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက မာနလည်ကျေးရွာကို စစ်ကောင်စီတပ်က မတ် ၂၅ ရက်မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၉ နှစ်အရွယ်က လေးငယ်အပါအဝင် မိသားစုဝင် ၃ ယောက် သေဆုံးခဲ့ရသလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
မာန်လည်ရွာတောင်ပိုင်းကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲပြီး ဒုံးကျည်နဲ့ပါပစ်ခတ်သွားခဲ့လို့ အိမ်တအိမ်ထဲမှာ နေ့လယ်စာစားနေကြတဲ့ ထန်းတက်သမားမိသားစု ၃ ယောက်လုံး အသက်ဆုံးရှုံးသွားတယ်လို့ နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေး တာဝန်ခံကပြောပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မာန်လည်ရွာတောင်ပိုင်းက လူနေအိမ် ၃ လုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
နွားထိုးကြီးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “အခုနှစ်အစပိုင်းကတည်းက ကျနော်တို့ နွားထိုးကြီးမြို့နယ်ထဲကို စစ်တပ်ဘက်ကပြည်သူကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေ ခပ်စိတ်စိတ်လုပ်နေလို့ ပြည်သူတွေထိခိုက်သေဆုံးရသလို ပြည်သူပိုင်ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးနေရာတာ မီဒီယာတွေတဆင့် ပြည်သူအားလုံး သိကြပါတယ်။ ကျနော်တို့မှာကလည်း အခုလိုပြည်သူကို ဒုက္ခတွေပေးနေတဲ့ စစ်တပ်လေကြောင်း အန္တရာယ်ကိုကာကွယ်ဖို့ ဘာမှမရှိသေးဘူး။ ကျနော်တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါလို့ အမည်ခံထားပြီးတော့ တကယ်တမ်း လက်နက်ခဲယမ်းအင်အားမလုံလောက်တော့ အခုလို လေကြောင်းအန္တရာယ်နဲ့ ကြုံလာတော့ ပြည်သူကိုဘာမှမကာကွယ်နိုင်ဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) တာဝန်ရှိသူတွေအနေနဲ့ အညာဒေသက တော်လှန်ရေးအဖွဲ့တွေဆီကို လက်နက်ခဲယမ်းအင်အားတွေ လုံလုံ လောက်လောက်ဖြည့်ဆည်းပေးဖို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
နွားထိုးကြီးမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက် မှုတွေကို သတိထားနေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေတူးထားကြပြီး လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကိုအထူးဆောင်ရွက်ထားကြဖို့လည်း တိုက်တွန်း အကြံပြုပါတယ်။
မတ်လ ၂၃ ရက်ကနေ မတ်လ ၂၅ ရက်အထိ နွားထိုးကြီးနယ်ထဲက လက်ဝဲမြင်းနီကျေးရွာ၊ ကွမ်းအုံကျေးရွာနဲ့ ရွှေမုဌောကျေးရွာတွေကို စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက်လေ ကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်အပါအဝင်ဒေသခံပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၅ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ် ၃၀ နီးပါးပျက်စီး ခဲ့ပါတယ်။