Home
မြန်မာသတင်း
စစ်မှုထမ်း တပ်သားသစ် ၁ ဦး ကော့သောင်းပကဖထံ အလင်းဝင်
DVB
·
April 7, 2025
photo: ကော့‌သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)

ထိုင်းကနေ နေရပ်ပြန်ပို့ခံရပြီး‌နောက် စစ်မှုထမ်းစုဆောင်းခံရသူတယောက်ဟာ ဧပြီ ၁ ရက်က ထွက်ပြေးလွတ်မြောက်လာပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ လာရောက်ခိုလှုံခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူဟာ ကော့သောင်းမြို့ဒေသခံ အသက် ၂၀ အရွယ်ရှိ ကိုမင်းမင်း (အမည်လွှဲ) ဖြစ်ပြီး ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းအပတ်စဥ် ၁၁ အတွက် အဓမ္မ စုဆောင်းခံလိုက်ရတယ်လို့ ပြောပါတယ်။

အဲဒီနောက် ကော့သောင်းမြို့ ခြောက်မိုင်ရွာအခြေစိုက် ခမရ ၄၃၁ တပ်ရင်းထဲကို ပို့ဆောင်ခံရပြီး ကိုမင်းမင်း အပါအဝင် အမျိုးသား ၅ ယောက် ထွက်ပြေးလာကြပြီးနောက် ၄ ယောက်မှာ စစ်ကောင်စီတပ်ရဲ့ ပြန်ဖမ်းဆီးတာ ခံရတယ်လို့ ကော့‌သောင်းပကဖ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ကော့‌သောင်းမြို့နယ်ထဲက ၉ မိုင်ဘက်ရောက်တော့ အဲဒီက ဒေသခံတချို့ကပဲ စစ်တပ်ကို တိုင်လိုက်လို့ ၄ ဦး ပြန်ဖမ်းခံလိုက်ရတယ် ပြောတယ်။ သူတယောက်ပဲ ထွက်ပြေးရင်းနဲ့ လွတ်လာတယ်ပေါ့။ သူတို့ ၅ ဦးလုံးက တူတူပဲ ပြန်ပို့ခံရတာပါ။ သူ့ကိုမေးတော့ ဘယ်ရက်နေ့က နေရပ်ပြန်ပို့ခံရလဲ ဆိုတာတွေလည်း မမှတ်မိဘူးတဲ့ဗျာ။”

အသက် ၂၀ အရွယ် ကိုမင်းမင်းဟာ ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့လို့ ဖမ်းဆီးခံရတာဖြစ်ပြီး ခြောက်မိုင်ရွာအခြေစိုက် ခမရ ၄၃၁ တပ်ရင်းထဲကို စစ်မှုထမ်း စု‌ဆောင်းခံရစဥ်တုန်းက သူအပါအဝင် ၁၀၅ ယောက်ခန့် ထိန်းသိမ်းခံထားရတယ်လို့ ဆိုကြောင်း ကော့သောင်းပကဖ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

အလားတူဖြစ်စဥ်မျိုး အခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကလည်း စစ်မှုထမ်း စုဆောင်းခံရပြီးနောက် မြိတ်မြို့ တိုက်/စည်း (ရွှေဒူး) တပ်ရင်းမှာ ထိန်းသိမ်းထားစဥ် ထွက်ပြေးလာတဲ့ ၁၆ ယောက်ထဲက ၄ ယောက်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံရတယ်လို့ ပြောပါတယ်။

အဲဒီ ထွက်ပြေးလာသူတွေထဲက ၂ ယောက်ကတော့ မြိတ်ပကဖအဖွဲ့ထံ မတ် ၆ ရက်မှာ ဆက်သွယ်ပြီးတော့ လာရောက်ခိုလှုံခဲ့တယ်လို့ မြိတ်ပကဖအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတယောက်ထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013