Home
မြန်မာသတင်း
ညောင်ကျိုးတိုက်ပွဲတွင်ပါဝင်သည့် စစ်ကောင်စီတပ်သားသစ် ၁ ဦး အလင်းဝင်
DVB
·
March 19, 2025
photo:မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားသစ်တယောက် မတ် ၁၆ ရက်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) ဆီကို လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ တပ်သား နန်းလင်းသူ (ပစ-၁၃၁၃၂၂) ဖြစ်ပြီး  ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၈ ရက်က ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာအုပ်စု၊ ရေပြန်စိန်ရိုးကြီးကျေးရွာကနေ ကားမောင်းနေရင်း စစ်ကောင်စီ တပ်သားတွေက ကားကိုချောဆွဲပြီး လူကိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာပါ။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းနေရသူပါ။ ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲထဲကနေ ထွက်ပြေးလာပြီးတော့မှ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက် အကူအညီရယူပြီး ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်အန္တရာယ်ကြားထဲကနေ ထွက်ပြေးလာခဲ့ရတာဆိုတော့ လက်နက်ခဲယမ်းတွေ ပါမလာခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီနောက် ခမရ ၆ တိမ်မြုပ်တပ်ထဲကို ခေါ်ဆောင်ခံခဲ့ရပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းအပတ်စဥ် ၆ သင်တန်း ၃ လ တက်ရောက်ခဲ့ရပြီး ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းရှေ့တန်းစခန်းကို ပို့ဆောင်ခံရကာ အဲဒီကနေတဆင့် ညောင်ကျိုးစခန်းကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ တာဝန်ခံလည်းဖြစ်၊ စစ်ရေးတာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်တောက်တဲ့က “အခုအလင်းဝင်လာတဲ့ ကိုနန်းလင်းသူက သူစစ်မှုထမ်းနေရတဲ့ ကာလတလျှောက်မှာ ထွက်ပြေးဖို့ ၃ ကြိမ်လောက် ကြိုးစားခဲ့တယ်။ နတ်သံကွင်းရှေ့တန်းစခန်းမှာတုန်းက မိုင်းကွင်းတွေနဲ့မို့လို့ မပြေးနိုင်ဘူး။ နောက်တခါက တောင်ငူကို လက်နက်ခဲယမ်းတွေဖြည့်ဖို့ လိုက်သွားရတော့ ထွက်ပြေးတာ၊ သာယာဝတီနယ်ထဲက မီးနင်းချောင်းဂိတ်မှာ မိသွားပြီးတော့ ပြည်စစ်တပ်ထဲမှာ အချုပ်ချခံရပြန်တယ်။ အချုပ်ထဲကနေ လွှတ်ပေးပြီးတော့ ညောင်ကျိုးစခန်းကို ထပ်ပို့လိုက်တာမှာ အခုတော့ အောင်အောင်မြင်မြင် အလင်းဝင်နိုင်ခဲ့တာပါ။ သူက စစ်တပ်ကို ဘယ်လောက်စိတ်နာလဲဆိုရင် ကျနော်တို့ တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်ခိုက်မှာပါတဲ့” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရကာ စစ်မှုထမ်းနေကြရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေ အနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။

ညောင်ကျိုးတိုက်ပွဲထဲမှာ လေယာဥ်နဲ့ ဗုံးမှားကြဲလို့တဲ့ စစ်တပ်က ၁၂၀ ကျော်လောက်သေဆုံးပြီး ကစဉ့်ကလျား ဒဏ်ရာတွေနဲ့ တပ်ပျက်ပြီး ထွက်ပြေးကြသူတွေနဲ့ AA ဘက်က အရှင်ဖမ်းမိတာတွေရှိတယ်လို့လည်း ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

မတ် ၁၈ ရက်အထိ ညောင်ကျိုးစစ်ကောင်စီစခန်းရဲ့ ကာကင်းစခန်းအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး ပင်မစခန်းရရှိဖို့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ ဆက်တိုက် ခုခံတိုက်ခိုက်နေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013