
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းခံထားရတဲ့ တပ်သားသစ် ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ကျန်တပ်သားသစ်တွေကို အဝတ်အစားတွေ ပေးမဝတ်ဘဲ ကိုယ်လုံးတီးနေခိုင်းထားတယ်လို့ ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၈ ရက်က ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းခံထားရတဲ့ တပ်သားသစ် ၂ ယောက် ထွက်ပြေးလွတ်မြောက်သွားရာ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ပေမဲ့ လွတ်မြောက်သွားတာကြောင့် အခုလို အဝတ်စားတွေ ပေးမဝတ်ဘဲ အပြစ်ပေးခဲ့တာလို့ ဆိုပါတယ်။
ခလရ ၃၆ တပ်နဲ့ နီးစပ်သူတယောက်က “ကျုံပျော်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ လူငယ် ၃၀ ကျော်ရှိတယ်။ မတ်လ ၈ ရက်နေ့ ညက ၂ ယောက် ထွက်ပြေးသွားတယ်။ လူစစ်တဲ့အချိန်မှာ ၂ ယောက်လျော့နေလို့ ထွက်ပြေးမှန်းသိပြီး သေနတ် ၂ ချက် ပစ်ဖောက်ပြီး ခြောက်လှန့်ခဲ့တယ်။ ကျန်တဲ့တပ်သားသစ်တွေကို အဝတ်အစားတွေ ချွတ်ခိုင်းပြီး ကိုယ်လုံးတီး အပြစ်ပေးထားတယ်” လို့ DVB ကို ပြောပါတယ်။
ဒီကနေ့ မတ် ၁၄ ရက် မနက် ၆ နာရီကျော်က အပြစ်ပေးခံထားရတဲ့ တပ်သားသစ် ၃၀ ကျော်ကို အဝတ်စား ပြန်ဝတ်ခွင့်ပေးပြီး ပုသိမ်မြို့မှာရှိတဲ့ စစ်တိုင်းရုံးကို ပို့လိုက်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျုံပျော်မြို့နယ်အတွင်းမှာ စစ်မှုထမ်းဆောင်ဖို့ လူသစ်စုဆောင်းတာတွေကို ဒီရက်ထဲမှာ စစ်ကောင်စီတပ်တွေက ပိုမိုလုပ်ဆောင်လာပြီး လူငယ်တွေ နေအိမ်တွေကနေ ရှောင်တိမ်းနေရတယ်လို့ ကျုံပျော်ဒေသခံတွေဆီက သိရပါတယ်။